အမေရိကန်ပြည်ထောင်စုသည် ထိပ်တိုက်ရင်ဆိုင်သည့် မူဝါဒကိုပြန်လည်ကျင့်သုံးနေပြီဖြစ်ကြောင်း ကျူးဘားသမ္မတဟောင်း ရာဟုကက်စထရိုက စွပ်စွဲပြောဆိုလိုက်ပြီဖြစ်သည်။
ကျူးဘားကိုအုပ်ချုပ်နေသည့် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူထားဆဲဖြစ်သည့် ကက်စရိုသည် ၎င်း၏အစ်ကို ဖီဒယ်ဦးဆောင်သော တော်လှန်ရေး နှစ် ၆၀ ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးကိုကာကွယ်ရန် ဖြစ်နိုင်ခြေရှိသည်အားလုံးအတွက် ပြင်ဆင်ထားရန်နှင့် တော်လှန်ရေး အိုမင်းသွားခြင်းမရှိသေးကြောင်း ကက်စရိုက ကျူးဘားနိုင်ငံသားများအားပြောဆိုခဲ့သည်။
ဖီဒယ်နှင့် ရာဟုတို့သည် ကျူးဘားနိုင်ငံအား ၁၉၅၉ မှ ၂၀၁၈ ခုနှစ်အထိ တစ်ဦးပြီးတစ်ဦးအုပ်ချုပ်ခဲ့သည်။
ရာဟုကက်စထရိုသည် ကျူးဘားသမ္မတရာထူးကို မီဂယ် ဒီးယက်ဖ်-ကနယ်အား ယမန်နှစ်အစောပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ဘားရက်အိုဘားမား သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိ်န်တွင် ကျူးဘားနှင့် အမေရိကန်တို့ကြား ဆက်ဆံရေးပြေလည်ခဲ့သော်လည်း ဒေါ်နယ်ထရမ့်ဦးဆောင်သော အမေရိကန်အစိုးရလက်ထက်တွင်မူ တင်းမာမှုများရှိလာခဲ့သည်။
ယခင်အမေရိကန်အစိုးရက ဖြေလျှော့ပေးခဲ့သည့် ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးကန့်သတ်ချက်တချို့ကို ထရမ့်က ၂၀၁၇ ခုနှစ်တွင် ပြန်လည်တင်းကျပ်ခဲ့သည်။
ဒေသတစ်ခုလုံး၏မကောင်းမှုများကို ကျူးဘားက ကျူးလွန်နေခြင်းဖြစ်ကြောင်း အမေရိကန်က ပုံဖော်နေသည်ဟု ကက်စထရိုကပြောဆိုခဲ့သည်။
သမ္မတသစ် ဒီးယက်ဇ်- ကနယ်သည် လူငယ်ကျူးဘားနိုင်ငံသားများ၏တောင်းဆိုမှုကိုဖြည့်ဆည်းနိုင်ရန် အပြင်းအထန်ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီတွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်သော်လည်း လူငယ်များသည် လူမှုရေးအရ ပိုမိုလွတ်လပ်မှုနှင့် စီးပွားရေးအခွင့်အလမ်းများရှိလာရေးတို့နှင့်ပတ်သက်၍ စိတ်မရှည်နိုင်ဘဲဖြစ်နေကြသည်။

















