ထိုင်ဝမ်(တရုတ်တိုင်ပေ)သည် ပြည်မကြီးနှင့် မဖြစ်မနေ ပြန်ပေါင်းစည်းရမည်ဟု ရှီကျင့်ဖျင်ပြောဆို

ထိုင်ဝမ်(တရုတ်တိုင်ပေ)သည် ပြည်မကြီးနှင့် မဖြစ်မနေ ပြန်ပေါင်းစည်းရမည်ဟု ရှီကျင့်ဖျင်ပြောဆို

တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်(တရုတ်တိုင်ပေ)ပြည်သူများအနေဖြင့် တရုတ်ပြည်မကြီးနှင့် အနာဂတ်တွင် မဖြစ်မနေ ပေါင်းစည်းရမည်ဖြစ်သည်ကို လက်ခံကြရန် တိုက်တွန်းလိုက်ပြီး အကယ်၍လိုအပ်ပါက ပြည်မကြီးတွင် အင်အားသုံးပိုင်ခွင့်ရှိကြောင်းလည်း သတိပေးခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)အကြား ဆက်ဆံရေး စတင်တိုးတက်ခဲ့သည့် နှစ်ပေါင်း ၄၀ ပြည့်အထိမ်းအမှတ် အဖြစ် ပြောဆိုရာတွင် တရုတ်ပြည်မကြီးအနေဖြင့် တစ်နိုင်ငံ စနစ်နှစ်မျိုးအပေါ် အခြေခံသည့် ငြိမ်းချမ်းစွာပေါင်းစည်းမှုကို လိုလားကြောင်း မစ္စတာရှီကျင့်ဖျင်က ထပ်လောင်းအာမခံခဲ့သည်။

သို့သော် ပေါင်းစည်းရေးအတွက် တရုတ်တွင် အင်အားသုံးခွင့်ရှိကြောင်းလည်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ထိုင်ဝမ်(တရုတ်တိုင်ပေ)သည် ကိုယ်ပိုင် အုပ်ချုပ်စီမံမှုနှင့် လွတ်လပ်သည့်အာဏာပိုင်အဖွဲ့ ရှိသော်လည်း ပြည်ပကြီးနှင့် အမှီအခိုကင်းသည့် လွတ်လပ်ရေးကြေညာခြင်း မည်သည့်အခါမျှ မပြုခဲ့ချေ။

တရုတ်နိုင်ငံက ထိုင်ဝမ် (တရုတ်တိုင်ပေ)ကို ကွဲကွာနေသည့် ပြည်နယ်တစ်ခုအဖြစ်သာ သဘောထားသည်။ ထိုင်ဝမ်သားတို့အနေဖြင့် လွတ်လပ်ရေးသည် ဆင်းရဲဒုက္ခများသာ သယ်ဆောင်လာလိမ့်မည်ဖြစ်ပြီး ပေကျင်းသည် လွတ်လပ်ရေးရရန် မည်သည့် တိုးတက်လှုပ်ရှားမှုကိုမျှ မည်သည့်အခါမျှ သည်းခံမည်မဟုတ် ဟုလည်း ရှီက သတိပေးခဲ့သည်။
    ပေါင်းစည်းမှုသည် တရုတ်ပြည်သူများ ကြီးမြတ်စွာအားသစ်လောင်းနိုင်ရေးအတွက် ဧကန်မလွဲလိုအပ်ချက် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)ဆက်ဆံရေးသည် တရုတ်ပြည်တွင်းရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပြည်ပစွက်ဖက်မှုလက်မခံဟုလည်း ရှီက သတိပေးသည်။ 
ငြိမ်းချမ်းစွာပေါင်းစည်းရေးကို အနှောင့်အယှက်ပေးသူများနှင့် ခွဲထွက်ရေးလှုပ်ရှားမှုများကို လိုအပ်သည့်အတိုင်းအတာအလျောက် တုံ့ပြန်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။
    သမ္မတရှီ မိန့်ခွန်းမတိုင်ခင်တစ်ရက်အလိုကပင် ထိုင်ဝမ်(တရုတ်တိုင်ပေ)ခေါင်းဆောင် အိုင်အင်ဝမ်က ထိုင်ဝမ်(တရုတ်တိုင်ပေ)၏ ဖြစ်တည်မှုကိုလက်ခံရန်နှင့် ကွဲပြားခြားနားမှုကိုဖြေရှင်းရန် ငြိမ်းချမ်းသည့်နည်းလမ်း အသုံးပြုရန် တရုတ်ကို တိုက်တွန်းခဲ့သည်။