ကီရာလာပြည်နယ်ရှိ နာမည်ကျော် ဟိန္ဒူဘုရားကျောင်းအတွင်း အမျိုးသမီးနှစ်ဦး ပထမဆုံး ဝင်ရောက်ခွင့်ရရှိ

ကီရာလာပြည်နယ်ရှိ နာမည်ကျော် ဟိန္ဒူဘုရားကျောင်းအတွင်း အမျိုးသမီးနှစ်ဦး ပထမဆုံး ဝင်ရောက်ခွင့်ရရှိ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ နာမည်ကျော် ဟိန္ဒူဘုရားကျောင်းအတွင်းသို့ အမျိုးသမီးများအား ဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းကို လပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် ဇန်နဝါရီ၂ ရက်အစောပိုင်းတွင် အမျိုးသမီးနှစ်ဦး ပထမဆုံးဝင်ရောက်ခွင့်ရရှိကာ သမိုင်းတွင်ခဲ့ပြီဖြစ်သည်။

အသက် ၁၀ နှစ်မှ ၅၀ နှစ်အတွင်းရှိ လစဉ်ဓမ္မတာလာသည့်အရွယ် အမျိုးသမီးများဝင်ရောက်ခွင့်မရှိကြောင်း ဆာဘာရီမာလာဘုရားကျောင်းတွင် ပိတ်ပင်ချက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။ 
တရားလွှတ်တော်ချုပ်က ယင်းပိတ်ပင်ချက်သည် ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း ဆုံးဖြတ်ကာ ပိတ်ပင်ချက်ရုပ်သိမ်းရန် ညွှန်ကြားခဲ့သော်လည်း ဘုရားကျောင်းတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် အမျိုးသမီးတချို့ကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။
    အသက် ၄၂ နှစ်အရွယ် ဘင်ဒူ အမ္မီနီ နှင့် အသက် ၄၄ နှစ်အရွယ် ကာနာကာ ဒူဂါတို့သည် ဘုရားကျောင်းတွင်းသို့ အရုဏ်တက်ချိန်တွင်ဝင်ရောက်ခဲ့သည်။ နံနက်အစောပိုင်းတွင် ဝင်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခဲ့ကြောင်း အမ္မီနီကပြောဆိုခဲ့သည်။ ယင်းအမျိုးသမီးနှစ်ဦးသည် ဒီဇင်ဘာ ၂၄ ရက်တွင် ဘုရားကျောင်းတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြသူများကြောင့် ဝင်ရောက်ခွင့်မရခဲ့ချေ။
    အမျိုးသမီးနှစ်ဦးကြောင့် ဘုရားကျောင်း ညစ်ညမ်းခဲ့သဖြင့် ဘုရားကျောင်းကို ခေတ္တပိတ်ကာ သန့်ရှင်းမှုများပြုလုပ်နေကြောင်း ဘုရားကျောင်းဂေါပကအဖွဲ့က ပြောဆိုခဲ့သည်။ 
ဘုရားကျောင်းအတွင်း အမျိုးသမီးနှစ်ဦး ဝင်ရောက်ခွင့်ရရှိခြင်းသည် သမိုင်းတွင်သည့် အခိုက်အတန့်ဖြစ်ကြောင်း ကီရာလာပြည်နယ် ဝန်ကြီးချုပ် ပီနာရာယီ ဝိဇယကပြောဆိုခဲ့သည်။
ဝိဇယ၏အစိုးရသည် တရားလွှတ်တော်ချုပ်၏ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့သည်။
    ဟိန္ဒူဘုရားကျောင်းအများစုသည် လစဉ် ဓမ္မတာမလာသည့် အချိန်၌ အမျိုးသမီးများကို ဝင်ရောက်ခွင့်ပြုထားသော်လည်း ဆာဘာရီမာလာဘုရားကျောင်းမှာမူ တင်းကျပ်လွန်းသောကြောင့် နာမည်ကျော်ကြားခဲ့သည်။ 
ဘုရားကျောင်းသည် တောင်ကုန်းထိပ်တွင်ရှိပြီး နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာ ဘုရားဖူးလာရောက်လေ့ရှိသည်။ ဘုရားကျောင်းတွင်းဝင်ရောက်ရန် မြင့်မြတ်သော လှေကား ထစ် ၁၈ ထစ်ကို နင်းလျှောက်ရန် လိုအပ်ပြီး ၄၁ ရက်ကြာ ဥပုသ်စောင့်ထိန်းပြီးမှသာ ယင်းလှေကားထစ်များကိုတက်ရောက်ခွင့်ရှိကြောင်း ဘုရားကျောင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
    လှေကားထစ်များတွင် လူများစွာရှိနေပြီး တိုက်ခိုက်ခံရမည်ကိုစိုးရိမ်သောကြောင့် လှေကားထစ်များမှတစ်ဆင့် ဘုရားကျောင်းတွင်း မဝင်ရောက်ခဲ့ကြောင်း အမ္မီနီကပြောဆိုခဲ့သည်။ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့နှစ်ဦးအတွက် လုံခြုံရေးတာဝန်ယူခဲ့ကြောင်း အမ္မိီနီကဆက်လက်ပြောဆိုခဲ့သည်။