၂၀၁၈ ခုနှစ် အလုပ်သမားရေးရာ

၂၀၁၈ ခုနှစ် အလုပ်သမားရေးရာ

ကုန်လွန်ခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများ၊ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို မြန်မာတိုင်း(မ်) အကြီးတန်းသတင်းထောက် ဇော်ဇော်ထွေးက စုစည်းထားသည်။

အနည်းဆုံးအခကြေးငွေ ပြဿနာ

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၅,၆၀ဝ ရရှိရေးကို ၂၀၁၃ခုနှစ်ကတည်းက တောင်းဆိုခဲ့ပေမဲ့ ၂၀၁၈ နှစ်ထဲ ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်ကအလုပ်သမားထုရဲ့  နှစ်လရှည်ကြာ မျှော်လင့်ချက်အိပ်မက်ကို   တစ်ခန်းရပ်စေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့  အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင် ပါဝင်ကာဆွေးနွေးခြင်း၊ အလုပ်သမားထုရဲ့ နေ့စဉ် နေထိုင်ရှင်သန်စားသောက်မှု စရိတ် စစ်တမ်းကောက်ယူခြင်းတွေ ပြုလုပ်ပြီးနောက် အနည်းဆုံးအခကြေးငွေကို တစ်ရက်  ကျပ် ၄,၈၀ဝ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားသစ် ပြဋ္ဌာန်းပြီးနောက် စက်ရုံအများစုက အလုပ်သမားတွေကို ပေးထားတဲ့ အခြားသောခံစားခွင့်တွေအပါအဝင် လုပ်သားလျှော့ချခြင်းတွေနဲ့ လစာဖြတ်တောက်ခြင်းတွေရှိခဲ့ပြီး အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေ၊ ဆန္ဒပြသပိတ်မှောက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။  သို့သော် ၂၀၁၅ ခုနှစ်အတွင်း ပထမအကြိမ် အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃,၆၀ဝ ပြဋ္ဌာန်းပြီး နောက် ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှုတွေ၊ သပိတ်မှောက်မှုတွေနဲ့ စက်ရုံပိတ်သိမ်းမှုတွေလောက်ထိ ဖြစ်ပေါ်ခဲ့တာ  မတွေ့ရပါဘူး။

အလုပ်သမားတွေ အကျပ်တွေ့စေခဲ့တဲ့ ညွှန်ကြားချက်

အလုပ်သမားသမဂ္ဂဝင်မဟုတ်တဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ကြား အငြင်းပွားမှုတွေကို တစ်ဦးချင်းအငြင်းပွားမှုအဖြစ် သတ်မှတ်ပြီး  ခုံသမာဓိအဆင့်ဆင့်ထံ တက်ရောက်ဖြေရှင်းခွင့်မရှိဘဲ အရပ်ဘက်တရားရုံးတွေမှာသာ တရားစွဲဆိုဖြေရှင်းရမယ်ဆိုတဲ့  ညွှန်ကြားချက်တစ်စောင်ကို အလုပ်သမားဝန်ကြီးဌာနက ၂၀၁၈ခုနှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်ကို အခြေခံပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ရှင်တွေက အလုပ်ထုတ်ပယ်မှုတွေရှိခဲ့တာမို့  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုမိုတွေ့ကြုံလာရတယ်လို့ အလုပ်သမားအရေးဆောက်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေက ဆိုပါတယ်။ အလုပ်သမားဥပဒေ ချိုးဖောက်ခံရမှုတွေအတွက် အရပ်ဘက်တရားရုံးမှာ တရားစွဲဆိုတဲ့အခါ  ရှေ့နေငှားရမ်းခနဲ့ တရားရုံးကုန်ကျစရိတ်တို့အတွက် အခက်အခဲရှိသလို အရပ်ဘက်တရားရုံးတွေက အလုပ်သမားဥပဒေတွေနဲ့ အကျွမ်းတဝင်မရှိတာကြောင့် အလုပ်သမားတွေရဲ့ တရားစွဲတင်မှုတို့ကို ပလပ်မှုတချို့ရှိတာမို့ နစ်နာမှုတွေရှိခဲ့တယ်လို့ အလုပ်သမားရေးအဖွဲ့အစည်းတွေက ဆိုပါတယ်။

ထိုင်းကတစ်ဆင့် မလေးရှားနိုင်ငံထိ တရားမဝင်လမ်းကြောင်းကနေ သွားရောက်မှုနှုန်းလည်း ၂၀၁၈ ခုနှစ်ထဲမှာ  သိသိသာသာ မြင့်တက်ခဲ့ . . .

ခုံသမာဓိဆုံးဖြတ်ချက်ဖောက်ဖျက်မှုအတွက် ထောင်ဒဏ်ထည့်သွင်းရေး၊ မသွင်းရေး

၂၀၁၈ ခုနှစ်အတွင်း သိသာထင်ရှားတဲ့ အလုပ်သမားအရေးတစ်ခုက ၂၀၁၂ ခုနှစ် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေပြင်ဆင်မှုမှာ ခုံသမာဓိကောင်စီဆုံးဖြတ်ချက် မလိုက်နာပါက ထောင်ဒဏ် ထည့်သွင်းရေးပဲ ဖြစ်ပါတယ်။ ဥပဒေအရ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်မလိုက်နာပါက ငွေဒဏ် ကျပ် ၁၀ သိန်းသာ ပြဋ္ဌာန်းထားတဲ့အတွက် အလုပ်ရှင်အများစုက ခုံသမာဓိကောင်စီရဲ့ အလုပ်ပြန်လည်ခန့်ထားရေးဆုံးဖြတ်ချက်ကို  မလိုက်နာဘဲ ဒဏ်ငွေပေးဆောင်မှုတွေရှိခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေရဲ့ စာရင်းအရ ၂၀၁၈ ခုနှစ်အတွင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ အပါအဝင် အလုပ်သမား ၅၀ဝ နီးပါးကို အလုပ်ပြန်လည်ခန့်ထားမှုမရှိဘဲ အလုပ်က ထုတ်ပယ်မှုတွေရှိခဲ့သလို အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်ပွားခဲ့တဲ့ စက်ရုံပေါင်း ၁၅ ရုံအနက် ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့တဲ့ စက်ရုံနှစ်ရုံသာရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုအလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှု၊ ပြစ်ဒဏ်တွေက အားနည်းတာမို့ အလုပ်ရှင်တွေကချိုးဖောက်မှုတွေရှိနေတဲ့အတွက် ခုံသမာဓိကောင်စီဆုံးဖြတ်ချက်မလိုက်နာပါက ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်သိန်း ၁၀ဝ ကို ဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းပေးဖို့ အလုပ်သမားထုက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေမှာပါရှိတဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေဟာ ပြင်းထန်ပြီး ဒေသတွင်းစံနှုန်းတွေနဲ့  မကိုက်ညီတာကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရာမှာ အဟန့်အတားဖြစ်နေတဲ့အတွက် ထိုထောင်ဒဏ်ပြစ်ဒဏ်ကို ဖယ်ရှားပေးဖို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအဖွဲ့ချုပ်က ယမန်နှစ်တွေထဲမှာ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ အလုပ်မားဝန်ကြီးဌာနကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ အဟန့်အတားဖြစ်စေတဲ့အတွက် ထောင်ဒဏ်ထည့်သွင်းပြဋ္ဌာန်းဖို့ကို ကန့်ကွက်ခဲ့ပါတယ်။ ထို့တူ ဥပဒေပြဋ္ဌာန်းချက်မှာ ထောင်ဒဏ်ပြစ်ဒဏ်ကို ထည့်သွင်းဖို့ အမျိုးသားလွှတ်တော်က သဘောတူခဲ့ပြီး ပြည်သူ့လွှတ်တော်က သဘောမတူဘဲကန့်ကွက်ခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲအဆုံးအဖြတ် ရယူဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။

ပြည်ပရောက် အလုပ်သမားကဏ္ဍ

ပြည်တွင်းက အလုပ်သမားအငြင်းပွားမှုတွေနဲ့အတူ နှစ်စဉ်မြင့်တက်လာတဲ့ အလုပ်သမားပြဿနာက  ပြည်ပ ကို အလုပ်သမားထွက်ခွာမှုနှုန်း မြင့်တက်လာတဲ့ကိစ္စပါပဲ။ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်က ပြည်ပကိုထွက်ခွာတဲ့ အလုပ်သမား ၁၀,ဝ၀ဝ ကနေ ၁၅,ဝ၀ဝ ခန့်သာရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်ထဲမှာတော့ ပြည်ပကို ထွက်ခွာတဲ့  အလုပ်သမား ၂၅,ဝ၀ဝ ခန့်ထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒီကိန်းဂဏန်းက အစိုးရက တရားဝင်သွားရောက်ခွင့်ပြုတဲ့ စာရင်းကိန်းဂဏန်းဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ တရားမဝင်ထွက်ခွာနေတဲ့ အလုပ်သမားစာရင်းကလည်း မနည်းဘူးဖြစ်ပါတယ်။ ပြည်ပထွက်ခွာမှု မြင့်တက်လာတာဟာ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာကြောင့် မဟုတ်ဘဲ မိသားစုနေ့စဉ်စားဝတ်နေရေး ဖူလုံလောက်ငှတဲ့ ဝင်ငွေ၊ လုပ်ခလစာ မရရှိတာကြောင့် ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာ စက်ရုံအလုပ်သမားတစ်ဦးအတွက် အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄,၈၀ဝ ရရှိချိန်မှာ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးအတွက် အနိမ့်ဆုံးတစ်ရက်လုပ်အားခဝင်ငွေဟာ မြန်မာငွေ ၁၅,ဝ၀ဝ ဝန်းကျင်ရရှိနေတာဖြစ်ပါတယ်။

ဒီအတွက် ဝင်ငွေကောင်းမွန်ခြင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး အလွယ်တကူသွားလာလို့ ရနေတာမို့ မြန်မာအလုပ်သမား ၁၅,ဝ၀ဝ ခန့်ဟာ ထိုင်းနိုင်ငံဘက်ကို တရားဝင်လုပ်သမားတွေအဖြစ် လစဉ်ပြောင်းရွှေ့လုပ်ကိုင်နေတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေက ဆိုပါတယ်။ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို တရားမဝင်သွားရောက် အလုပ်လုပ်မှုသာမက ထိုင်းကတစ်ဆင့် မလေးရှားနိုင်ငံထိ တရားမဝင်လမ်းကြောင်းကနေသွားရောက်မှုနှုန်းလည်း ၂၀၁၈ ခုနှစ်ထဲမှာ  သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ မြန်မာလူငယ်အလုပ်သမားထုကြား ရေပန်းအစားဆုံးဖြစ်လာတဲ့  အိပ်မက်တစ်ခုက အစိုးရချင်းချိတ်ဆက်စေလွှတ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေးပဲ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတစ်ဦးအတွက် တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် တစ်လမြန်မာကျပ်ငွေ ၁၅ သိန်းကနေ ကျပ်သိန်း ၃၀ ကြားထိရရှိတာမို့ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်ရရှိရေးအတွက် ကိုရီးယားဘာသာစကားနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုစာမေးပွဲကို နှစ်စဉ်အလုပ်သမား ၃၀,ဝ၀ဝ ကျော် ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေအပြင် ပြည်ပကို တရားမဝင်သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေထဲမှာ အိမ်အကူအလုပ်သမားတွေလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာအစိုးရက ၂၀၁၄ ခုနှစ်ကတည်းက အိမ်အကူအလုပ်သမားစေလွှတ်မှုကို ပိတ်ပင်ထားခဲ့ပေမဲ့ အိမ်အကူအလုပ်သမားတွေရဲ့ တရားမဝင်ထွက်ခွာမှုက နေ့စဉ်နီးပါးရှိခဲ့ပြီး တရုတ်နှင့် တိဗက်နိုင်ငံတွေသာမက အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိုမန်နိုင်ငံထိ ခြေဆန့်နေခဲ့တာဖြစ်ပါတယ်။

တရားဝင်ထွက်ခွာအလုပ်လုပ်ကိုင်ရတာမဟုတ်တာမို့ မြန်မာအိမ်အကူလုပ်သားတွေဟာ လူကုန်ကူးခံရတာတွေ၊ လုပ်ခခေါင်းပုံဖြတ်ခံရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရဲ့စာရင်းအရ အသက်မပြည့်သေးတဲ့ မြန်မာအိမ်အကူတွေကို တရားမဝင်အေဂျင်စီတွေနဲ့ အကျင့်ပျက်အေဂျင်စီတွေက စင်ကာပူနိုင်ငံကို နေ့စဉ် စေလွှတ်မှုရှိခဲ့ပြီး စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူလုပ်သား ၅၀,ဝ၀ဝ ကနေ ၆၀,ဝ၀ဝ အထိရှိလာနေပြီလို့ ခန့်မှန်းထားပါတယ်။ မြန်မာအိမ်အကူလုပ်သား တစ်ဦးစေလွှတ်မှုအကျိုးဆောင်ခအဖြစ် ကျပ်သိန်း ၄၀ ခန့်ရရှိတာမို့  အေဂျင်စီတွေက မြန်မာအိမ်အကူလုပ်သားတွေကို နေ့စဉ်နီးပါး တရားမဝင် ပို့ဆောင်နေကြတာဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ဆိုပါတယ်။

ပြည်ပနိုင်ငံတွေမှာလုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူလုပ်သားတွေဟာ တရားဝင်သတ်မှတ်ထားတဲ့ အသက်အရွယ် မပြည့်မီသလို အစိုးရက တရားဝင်စည်းမျဉ်းစည်းကမ်းချမှတ်စေလွှတ်ခွင့်မပြုသေးတာကလည်း အိမ်အကူလုပ်သားတွေအပေါ် ခေါင်းပုံဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အားပေးသလို ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူပြဿနာ အများအပြားဖြစ်ပေါ်ခဲ့ပေမဲ့ အစိုးရဝန်ကြီးဌာနက တရားမဝင်စေလွှတ်နေတဲ့ အေဂျင်စီတွေကို သိသာထင်ရှားတဲ့ အရေးယူမှုတွေမရှိသေးသလို စေလွှတ်တဲ့ တရားမဝင်အေဂျင်စီတွေကို စိစစ်တွေ့ရှိပြီး ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ငြိစွန်းကြောင်း ပေါ်ပေါက်ခဲ့ပေမဲ့လည်း  သက်ဆိုင်ရာဌာနတွေက အမှုဖွင့်အရေးယူမှု မရှိခဲ့တဲ့အပေါ် ပြည်တွင်းပြည်ပ အလုပ်သမားအရေးလုပ်ဆောင်နေသူတွေက ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အရပ်သားအစိုးရသစ်နှင့် အလုပ်သမားရေး ကတိကဝတ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အစိုးရဟာ အလုပ်သမားထုဘဝစိုပြည်ရေးအတွက် အလုပ်သမား လုပ်ငန်းကျွမ်းကျင်မှု အခွင့်အလမ်းတွေ ဖော်ဆောင်သွားမယ်လို့ ရွေးကောက်ပွဲအကြိုကာလမှာ ကြွေးကြော်ခဲ့ပါတယ်။ အစိုးရသက်တမ်း သုံးနှစ်တာကာလမှာ အစိုးရ၊ အရပ်ဘက်ပူးပေါင်းတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေပို့ချတာ၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးလုပ်ငန်းတွေဆောင်ရွက်တာ တွေ့ရပေမဲ့လည်း ၂၀၁၈ ခုနှစ်အထိ အမျိုးသားအဆင့်ကျွမ်းကျင်မှုအသိအမှတ်ပြုအလုပ်သမားလက်မှတ်ရ အလုပ်သမား အရေအတွက်ကတော့ ၁၀,ဝ၀ဝ မပြည့်သေးတာကို တွေ့ရပါတယ်။

အလုပ်သမားတိုင်း တရားမျှတပြီး ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်နှင့် သင့်တော်သော လုပ်ခလစာရရှိရေးအတွက် ဦးတည်တဲ့မူဝါဒများ အကောင်အထည်ဖော်မယ်လို့လည်း အရပ်သားအစိုးရက ကတိပြုထားပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ လုံခြုံမှုအစီအမံတွေ အားနည်းနေသေးတဲ့အပြင် လုပ်ငန်းခွင်နာမကျန်းမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် လုံလောက်တဲ့ အကျိုးခံစားခွင့်တွေ မရှိသေးဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။ သင့်တော်တဲ့လုပ်ခရရှိရေးဦးတည်တဲ့ မူဝါဒကောင်းတွေရေးဆွဲမယ်လို့ ကတိပြုထားပေမဲ့လည်း ၂၀၁၈ နှစ်မှာ သတ်မှတ်ခဲ့တဲ့ အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်က နေ့စဉ်စားဝတ်နေရေးအတွက် လုံလောက်တဲ့နှုန်းထား မဖြစ်ခဲ့ဘဲ ပြည်ပထွက်ခွာမှုနှုန်းတွေ မြင့်တက်လာတာကလည်း ကတိကဝတ်တွေဖော်ဆောင်ဖို့ အားနည်းနေသေးတာကို ဖော်ပြနေပါတယ်။

အလုပ်သမားတိုင်း မိမိအကျိုးခံစားခွင့်ကို ကာကွယ်နိုင်ရန်အတွက် အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့ စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရမယ်လို့လည်း အစိုးရက ကတိပြုထားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (အိုင်အယ်လ်အို)နဲ့ မြန်မာနိုင်ငံနှင့်ဆီလျော်သော ပြဋ္ဌာန်းချက်များကို သဘောတူလက်မှတ်ရေးထိုးသွားမယ်လို့လည်း အစိုးရရဲ့ ကတိပြုချက်မှာပါဝင်ပါတယ်။ သို့သော်လည်း  အိုင်အယ်လ်အိုရဲ့ ရွှေ့ပြောင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားမိသားစုဝင်များကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံအစိုးရက လက်မှတ်ရေးထိုးဖို့ အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုနေရဆဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး