မှုန်ဝါးစ ပြုလာတဲ့ မြိုင်ကြီးငူ စစ်ရှောင်တွေရဲ့ အနာဂတ်

မှုန်ဝါးစ ပြုလာတဲ့ မြိုင်ကြီးငူ စစ်ရှောင်တွေရဲ့ အနာဂတ်

"ဒီမှာ ဘာမှ လုပ်ကိုင်စားသောက်စရာမရှိဘူး။ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ဝေးတဲ့အပြင် ရွာမှာ စိုက်ပျိုးရေးပဲ လုပ်လာတာဆိုတော့ မသွားရဲကြဘူး။ အဓိက မြန်မာစကားမတတ်တော့ အဆင်မပြေဘူး။ ရွာပြန်ဖို့ကျတော့လည်း မိုင်းထိမှာ ကြောက်ရတယ်"လို့ အသက် ၅၀ အရွယ် စောအဲ မှူးက ကရင်ဘာသာစကားနဲ့ အဝေးက တောင်တန်းတွေကို ငေးကြည့်ရင်း ပြောဆိုလိုက်ပါတယ်။ 

တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ တောင်ခြေတစ်ခုအောက်မှာ အစီအရီ ဆောက်ထားတဲ့  တဲတန်းလျားတွေက နေရာယူလို့ နေပါတယ်။ ဝါးကြမ်းခင်း၊ ထရံကာ၊ ဓနိမိုးထားတဲ့ တန်းလျားတွေကလူနေရပ်ကွက်ထဲမှာ တည်ဆောက်ထားတာမဟုတ်ပါဘူး။ မြိုင်ကြီးငူ ဆရာတော်ကြီး ကျေးဇူးနဲ့ ဆရာတော့် အပိုင်ဧရိယာမှာ စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ပေးဖို့ ဆောက်ထားတဲ့ သီးခြားနေရာလေးတစ်ခုဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ကရင်ပြည်နယ် မဲသဝေါဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ ကရင်အမျိုးသားတပ်မတော်DKBA  ခွဲထွက်အဖွဲ့နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေက ဒေသခံတွေကို စစ်ဘေးရှောင်တွေအဖြစ် ရောက်အောင် တွန်းပို့ခဲ့ပါတယ်။ 

တိုက်ပွဲတွေကြောင့် အသက်အန္တရာယ် မလုံခြုံတဲ့ ရွာသားတွေကို မြိုင်ကြီးငူဆရာတော်ကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ပြီး  နောက်ပိုင်းမှာ အေးလင်းမြတ်ရှင်နဲ့ မြပန်းဝတ်မှုံ ဆိုတဲ့ စစ်ရှောင်စခန်းနှစ်ခု မြိုင်ကြီးငူဒေသမှာ ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးကို ဆရာတော်က အဓိကတာဝန်ယူခဲ့ပြီး ဆရာတော့် အရှိန်အဝါနဲ့ ပြည်တွင်းပြည်ပမှ အလ·ရှင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ပုံမှန်ထောက်ပံ့ခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်အစပိုင်းမှာ မြိုင်ကြီးငူဒေသအတွင်း ဒုက္ခသည် ၃,ဝ၀ဝ ကျော်သာ ရှိရာက ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ၅,၆၁၀ ဦးအထိ ရှိလာခဲ့တယ်လို့ စစ်ပြေးရှောင်စခန်းရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ 

ဖာပွန်မြို့နယ်က ရွာလေးမှာ နေထိုင်တဲ့ စောအဲမ·းတို့ မိသားစုဟာ ရွာနားမှာ မကြာခဏ ကျရောက်တတ်တဲ့ လက်နက်ကြီးတွေကြောင့် ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာ နေအိမ်နဲ့ ယာခင်းတွေကို စွန့်ပြီး နောက်ဆုံး ဆရာတော် အရိပ်အောက်မှာ ခိုလှုံဖို့ ဖြစ်လာခဲ့ပါတယ်။ 

စခန်းမှာနေထိုင်ရတာ ငြီးငွေ့လာပေမဲ့ မိုင်းထိပြီးခြေထောက်ပြတ်၊ လက်ပြတ်နဲ့ ပြန်လာကြသူတွေမြင်ရချိန်မှာ အိမ်ပြန်ဖို့ စောအဲမ·း စိတ်မကူးရဲတော့ပါဘူး။ သို့ပေမဲ့လည်း သူတို့စခန်းလေးရဲ့  ရပ်တည်မှု အနာဂတ်ကလည်း အခုချိန်မှာ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေပါပြီ။ စောအဲ မှူးတစ်ယောက်တည်း မဟုတ်ပါဘူး။ စခန်းမှာရှိတဲ့ စစ်ရှောင်တွေ အားလုံးမှာ ဒီသောကတွေ ရှိနေပါတယ်။ 

အဓိက အကြောင်းရင်းက ဒုက္ခသည်တွေဘက်မှာ  မားမားမတ်မတ်ရပ်တည်ပြီး စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနေတဲ့ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဦးသုဇနဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူရင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဆရာတော် မရှိတော့ခြင်းက စခန်းက လူတွေအတွက် ရွှေတောင်ကြီး ပြိုကျသွားသလိုပါပဲ။ 

စခန်းအတွက် နိုင်ငံတကာ အထောက်အပံ့တွေရှိခဲ့ပေမဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြဿနာတွေကြောင့် ထောက်ပံ့မှုတွေက တဖြည်းဖြည်းလျော့ကျလို့ လာပါတယ်။ ပုံမှန်ထောက်ပံ့နေကျ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ၂၀၁၇ ခုနှစ် ဇွန်လမှာ ထောက်ပံ့မှုရဲ့ ၃၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ နောက်ထပ်၃၀ ရာခိုင်နှုန်း လျှော့ချခြင်းခံခဲ့ရတယ်လို့ ကရင်ပြည်နယ် ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမ·းဖြစ်တဲ့ စောဘွယ်စေးက ပြောပါတယ်။ 

ဒုက္ခသည်စခန်းတွေဘက်ကို နိုင်ငံတကာအလ·ရှင်အဖွဲ့အစည်းတွေက ကိုယ်တိုင်ကိုယ်ကျ အဖွဲ့လိုက် ကွင်းဆင်းလေ့လာတာမျိုး ရှိခဲ့ပေမဲ့ လျှော့ချလိုက်တဲ့ ထောက်ပံ့မှုတွေကိုတော့ ပြန်လည်တောင်းဆိုလို့ မရခဲ့ပါဘူး။ 

"အဖွဲ့အစည်းတွေက အမျိုးမျိုးရှိတယ်၊ လစဉ်ထောက်ပံ့တာ၊ နှစ်စဉ်ထောက်ပံ့တာနဲ့ တစ်ခါတစ်ရံလာထောက်ပံ့ကူညီတာ စသဖြင့် ပုံစံကွဲတယ်။ ငွေကြေး ဒါမှမဟုတ် လိုအပ်တဲ့ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေကို လာလ·ကြတယ်။ ၂၀၁၇ မှာ သူတို့ ဒီဘက်ကိုတော်တော်လေး စိတ်ဝင်စားမှု လျော့ကျသွားတယ်။ ရခိုင်ဒုက္ခသည်ကိစ္စတွေ ပေါ်လာတာကြောင့် အာရုံပြောင်းသွားတယ်ထင်တယ်"လို့ စောဘွယ်စေးက သုံးသပ်ပါတယ်။ 

ဆရာတော်နဲ့ ဆရာတော်ကို ကြည်ညိုကြသူတွေ  လှူဒါန်းတာကြောင့် စစ်ဘေးရှောင်စခန်းကလူတွေဟာ ဟန်မပျက် အသက်ဆက်နိုင်ခဲ့ကြပါတယ်။ သို့ပေမဲ့ စက်တင်ဘာလကစပြီး ဆရာတော်နဲ့ ရင်းနှီးတဲ့ အလှူရှင်တွေဆိီက ထောက်ပံ့မှုကလည်းတဖြည်းဖြည်း လျော့နည်းလာပါတယ်။

"ခါတိုင်းဆိုရင် ဆရာတော်က တစ်လတစ်ခါ ပုံမှန် သူ့လူတွေကို လွှတ်ပြီး လှူခိုင်းတာ၊ ဘာလိုအပ်နေလဲမေးခိုင်းလေ့ရှိတယ်။ ဆရာတော်မရှိကတည်းက ဒါမျိုးတွေ မလာတော့ဘူး။ ဆရာတော်ပျံလွန်တော်မမူခင်က ကျန်းမာရေးကို ကုသနေရတာနဲ့၊ ပျံလွန်တော်မူပြီး ဆရာတော်ရဲ့ ဈာပနအခန်းအနားတွေနဲ့ရှုပ်နေတာကြောင့်လည်း ပါမယ်ထင်တယ်"လို့ အေးလင်းမြတ်ရှင် စခန်းရဲ့ တာဝန်ခံ စောထွန်းက ပြောပါတယ်။  

ဆရာတော် ပျံလွန်တော် မမူခင်ကတည်းက  ရိက္ခာပြတ်တဲ့အခြေအနေတွေ ရှိခဲ့တာကြောင့်  အလားတူအခြေအနေမျိုးတွေ ထပ်ဖြစ်မှာကို စောထွန်း ပူပန်နေပါတယ်။ "အကူညီတောင်းစရာ ဆရာတော်ကလည်း မရှိတော့ဘူးလေ"လို့  စောထွန်းက ပင့်သက်ရှိုက်ရင်း ပြောပါတယ်။ 

အလှူရှင်တွေ လျော့ကျလာပေမဲ့ ဒုက္ခသည်တွေကတော့ လျော့သွားတာမရှိဘဲ ထပ်ထပ်တိုးလာတာကလည်း စခန်းတာဝန်ခံတွေရဲ့ စိတ်ပူစရာ အခြေအနေတစ်ခုပါပဲ။ တိုက်ပွဲမဖြစ်တောင်  တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးစပ်တဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်းတွေ များလာတာမို့ အိမ်တွေကို ပစ်ကာ ဒုက္ခသည်စခန်းတွေမှာ လာရောက်ခိုလုံကြသူတွေက နေ့စဉ် ရှိနေတာပါ။ 

မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL)က၂၀၁၈ ခုနှစ် အစောပိုင်းက  ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၆ အထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့သူ ၄၈၈ဦး၊ ဒဏ်ရာရရှိခဲ့သူ ၃,၃၈၅ ဦးနဲ့ သေသည်၊ ရှင်သည်မကွဲပြားသူ ၁၁၈ ဦး ရှိတယ်လို့ သိရပါတယ်။ 

မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေအတွက် အစီစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပေမဲ့ အခုထိတော့ သွားလာနေထိုင်ဖို့ စိတ်မချရသေးဘူးလို့ စောမိုးသိုက ပြောပါတယ်။

ဒါ့ပြင် ဖာပွန်မြို့နယ်မှာ လမ်းဖောက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တပ်မတော်ကြား မကြာခဏေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကလည်း ဒုက္ခသည်တွေ ပိုမိုတိုးပွားစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ထပ်မံရောက်ရှိလာသူအများစုဟာ လှိုင်းဘွဲ့မြို့နယ် ပါပလိုခီးကျေးရွာမှ ဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်းက စာရင်းတွေအရ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ စခန်းနှစ်ခုကို ရောက်လာတဲ့ စစ်ဘေးရှောင် လူဦးရေ စုစုပေါင်း၇,၃၄၅ ဦးအထိ ရှိပေမဲ့ အလ·ရှင်က မရှိသလောက်နီးပါး ဖြစ်နေပါပြီ။ 

ကရင်ပြည်နယ်အစိုးရအဖွဲ့က  ဒုက္ခသည်တွေကို ပုံမှန် ဆန်၊ ဆီ၊ ဆား ထောက်ပံ့တာမျိုး ရှိပြီး လိုအပ်ချက်တွေကို တောင်းဆိုရင် တစ်ပတ်အတွင်း ပို့ပေးနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ 

"နှစ်နှစ်ကျော်ကြာနေပြီဆိုတော့ ပြန်လို့ရနိုင်သူတွေကိုလည်း နီးစပ်ရာ ရွာပဲဖြစ်ဖြစ် ပြန်စေချင်တယ်။ စခန်းမှာက ကလေးတွေရဲ့ ပညာရေးတွေ၊ အသက်မွေးဝမ်းကျောင်းမှုတွေ ထိခိုက်စေတယ်လေ။ အလ·ရှင်တွေကို အမြဲစောင့်နေလို့လည်း အဆင်မပြေနိုင်ဘူးလေ"ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ 

လက်ရှိ မြိုင်ကြီးငူဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာအဖြစ် တစ်နေ့ကို ဆန်အိတ် ၃၀ ကျော် ကုန်ကျနေတယ်လို့ သိရပါတယ်။ 

"အစိုးရဘက်က ထောက်ပံ့တယ်ဆိုတာက တစ်ပတ်စာ ဆန်အတွက်တောင် မလုံလောက်ဘူး" ဟု မြတ်ပန်းဝတ်မှုံ စစ်ဘေးရှောင်စခန်းတာဝန်ခံ စောစိန်ပန်းက ပြောပါတယ်။ 

ပုံမှန်ထောက်ပံ့မှု မလုပ်ပေးနိုင်တောင် ဒေသခံတွေ နေရပ်ပြန်ရေးအတွက် မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့  လုံခြုံရေးအာမခံချက်တွေ ပေးသင့်တယ်လို့ သူက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ စစ်ဘေးရှောင်တွေ  နေရပ်ကို မပြန်နိုင်သေးသလို စားဝတ်နေရေး ထောက်ပံ့မှု ရမရ ဆိုတာလည်း မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။ 

"ပုံမှန် စခန်းတွင်းမှာ လုပ်ပေးထားတဲ့ ဆေးပေးခန်းတွေ၊ ကျန်းမာရေးထောက်ပံ့မှုတွေတောင် မရှိတော့ဘူး။ နေမကောင်းဖြစ်ရင် မြို့ထဲသွားပြရတယ်"လို့ စောစိန်ပန်းက လက်ရှိအခြေအနေကို ပြောပါတယ်။ 

လက်ရှိ မြိုင်ကြီးငူနယ်မြေနဲ့ ပတ်သက်တဲ့ အရေးကို တိုက်အုပ်ဆရာတော် ဘဒ္ဒန္တÓဏိက (ဖူးစာချ) ကဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ဆရာတော်နေရာကို ဆက်ခံဖို့လူ မရှိသေးပေမဲ့ ဆရာတော်လုပ်ဆောင်ခဲ့တဲ့ အလ·ကိစ္စတွေ၊ ဒုက္ခသည်တွေကို ထောက်ပံ့တာတွေကို ဆက်လုပ်သွားမယ်လို့ တိုက်အုပ်ဆရာတော်က ပြောပါတယ်။ 

"ဆရာတော်ဈာပနကိစ္စနဲ့ ရှုပ်နေတာနဲ့ ဒုက္ခသည်တွေဘက်ကို လှည့်မကြည့်နိုင်တာမျိုး ရှိပေမဲ့ နောက်ပိုင်းမှာ ဆရာတော်ရှိစဉ်ကလို့ ထောက်ပံ့မြဲ ထောက်ပံ့ပေးသွားမှာပါ။ ဒီတစ်လနှစ်လကတော့ သူတို့ဘက်ကို မကြည့်အားသေးဘူးဖြစ်သွားတယ်"လို့ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဉာဏိက (ဖူးစာချ)က ပြောပါတယ်။ 

ကရင်စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကတော့လက်ရှိမှာ ရိက္ခာပြတ်လုနီးပါး ဖြစ်နေကြပြီး နောက်ထပ်ရောက်လာမယ့် အလ·ရှင်တွေကို စောင့်ဆိုင်းနေကြဆဲပါပဲ။ ဆရာတော်ရှိစဉ်ကလို အကူအညီအထောက်ပံ့တွေဆက်ရနေမယ်ဆို ရင်တောင် သူတို့ရဲ့ ဆက်လက် ရပ်တည်ရမဲ့ အနာဂတ်က မှုန်ဝါးစပြု နေပါပြီ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး