ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဗဟိုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသားအရေအတွက် မှန်ကန်စွာသိရှိနိုင်ရန် စစ်တမ်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်း၍ နိုဝင်ဘာလမှ စတင်ကောက်ယူနေသည်။
စစ်တမ်းကောက်ယူခြင်းသည်၊ ပအိုဝ်းတိုင်းရင်းသားအရေအတွက်ကို အနီးစပ်ဆုံး အမှန်ကန်ဆုံး သိရှိနိုင်ရန်နှင့် လူမှုဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည်ဟု စစ်တမ်းကောက်ယူရေး တာဝန်ခံ ခွန်ကျော်ခမ်းက ပြောသည်။
"ပအိုဝ်းတိုင်းရင်းသားရဲ့အဆင့်အတန်းဆိုတာ ဘွဲ့ရပညာတတ် အရေအတွက်၊ စီးပွားရေး လုပ်ကိုင်စားသောက်နေကြတဲ့ အဆင့်၊ ကျန်းမာရေးအဆင့် ဘယ်လောက်ရှိတယ်ဆိုတာ သိရမှ သူတို့လိုအပ်တာ ဖြည့်စည်းပေးဖို့ အစိုးရထံ တောင်းဆိုရာမှာလည်း လွယ်ကူမြန်ဆန်မယ်။ အစိုးရအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တဲ့အခါ လူဦးရေ စာရင်းအတိအကျရှိရင် ပိုအဆင်ပြေတယ်။ ဒါကြောင့် ကူညီလုပ်ပေးတာပါ" ဟု ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးခွန်ကိုဝင်းက ပြောသည်။
ပင်းတယဘက်မှာဆို တချို့က ပအိုဝ်းလူမျိုးဖြစ်ပေမဲ့ မှတ်ပုံတင်မှာ ဓနုလို့ ရေးသွင်းခံရတာမျိုးရှိ . . .
စစ်တမ်းကောက်ယူသည့်ပုံစံမှ အိမ်ထောင်စုဇယားကဲ့သို့ ပုံစံတစ်ခုဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမ·းများ ရွာသူကြီးများကို သင်တန်းပေးကာ ကောက်ယူနေခြင်းဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားသီးသန့် လူဦးရေ စာရင်းစစ်တမ်းကောက်ခံမှုကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ကောက်ခံသွားမည်ဖြစ်သည်။စစ်တမ်းတွင် မိသားစုဝင်ဦးရေ အလုပ်အကိုင် ပညာအရည်အချင်းများကို ထည့်သွင်းကောက်ခံသွားမည်ဖြစ်သည်။
"ပင်းတယဘက်မှာဆို တချို့က ပအိုဝ်းလူမျိုးဖြစ်ပေမဲ့ မှတ်ပုံတင်မှာ ဓနုလို့ ရေးသွင်းခံရတာမျိုးရှိတယ်။ အဲဒီရေးသွင်းခံရသူတွေ တခြားလူမျိုးနဲ့ အိမ်ထောင်ပြုသွားတဲ့ သူတွေကိုပါပအိုဝ်းလူမျိုးအဖြစ် စာရင်းကောက်သွားမယ်" ခွန်ကျော်ခမ်းက ပြောသည်။
တိုင်းရင်းသားပေါင်းစုံနှင့် နေထိုင်ကြရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းအရ ကျောင်းပညာရေးအရ မှတ်ပုံတင် ပြုလုပ်ရာမှာ လူမျိုးအမည်မှားယွင်း ထည့်သွင်းခံနေရသည်များကိုလည်း တတ်နိုင်သမျှဖြေရှင်းသွားမှာဖြစ်သည်ဟု ၎င်းက ပြောသည်။
၂၀၁၄ တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ပအိုဝ်းတိုင်းရင်းသားသည်မြန်မာနိုင်ငံတွင် ၁၂ သိန်းကျော် ရှိသည်မှာ စာရင်းကောက်ယူရာတွင် အားနည်းချက်များ အမျိုးမျိုးကြောင့် မှန်ကန်မှု မရှိကြောင်း ပအိုဝ်းစာပေ ယဉ်ကျေးမှုအဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ပအိုဝ်းတိုင်းရင်းသား များသည် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် အများဆုံးနေထိုင်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အနည်းငယ်နေထိုင်သည်။
















