စင်ကာပူနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဒုတိယအကြိမ်အဖြစ် ၃ ရာခိုင်နှုန်းအထက်ရှိခဲ့သည်ဟု ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြားခဲ့ကာ ၎င်းအနေဖြင့် ရာထူးတာဝန်မှအနားယူရန် ပြင်ဆင်နေချိန်တွင် နိုင်ငံအစိုးရအဖွဲ့သစ်ကို ဝန်းရံ၍ လုပ်ငန်းစဉ်ဆက် အလျဉ်မပြတ်ဆက်လက်လုပ်ဆောင်သွားနိုင်ရေးကို ကူညီပေးကြရန် တိုင်းပြည်သို့ ပန်ကြားလိုက်သည်။
စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးသည် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း တက်လာခဲ့သည်ဟု ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မစ္စတာလီက ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ပမာဏသည် စီးပွားရေးပညာရှင် ၁၄ ဦးက ပြုလုပ်သည့် ဘလွန်းဘာ့ဂ် လေ့လာဆန်းစစ်မှု ပျမ်းမျှခန့်မှန်းချက်နှင့် ကိုက်ညီနေသည်။ ကုန်သွယ်ရေး ပဋိပက္ခများနှင့် ငွေကြေးဈေးကွက် မတည်ငြိမ်သည့်ကြားထဲမှ ကမ္ဘာ့စီးပွားရေးတွင် ဖြစ်ပေါ်နေသော ကြီးမားသည့် မသေချာ မရေရာမှုများကို ကိုးကားကာ စင်ကာပူသည် ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း မှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိတိုးတက်ရန် ကြိုတင်ခန့်မှန်းထားသည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အာရှဒေသတွင် ပြည်ပပို့ကုန်အပေါ် မှီခိုအားထားရဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော စင်ကာပူ၏တိုးတက်မှုအလားအလာမှာ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုအလားအလာများနှင့် နီးနီးကပ်ကပ် ဆက်နွှယ်နေသည်။ စင်ကာပူသည် အခြားနိုင်ငံများထက် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်မှာ အခြားနိုင်ငံများတွင် လစာမတိုးခြင်း၊ လူနေထိုင်မှုအဆင့်အတန်း ခက်ခဲခြင်းအပေါ် မကျေနပ်မှုများကြောင့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေကာ အစွန်းမရောက်သော နိုင်ငံရေးသမားများအတွက် အားပေးထောက်ခံမှု လျော့နည်းခြင်းပင်ဖြစ်သည်ဟု လီက ပြောကြားခဲ့သည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သောလီသည် နိုင်ငံတော်၏ အထွေထွေ ရွေးကောက်ပွဲပြုလုပ်ရမည့် အချိန်ကျရောက်ပြီးတစ်နှစ်အကြာ ၂၀၂၂ ခုနှစ်တွင် ၎င်းအသက် ၇၀ ပြည့်မည့်အချိန်၌ ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းပေးအပ် ရန် ရည်ရွယ်ထားကြောင်း အရိပ်အြွမက် ပြောကြားခဲ့သည်။
"ရေရှည်မူဝါဒတွေ နေရာတကျရှိခြင်းနဲ့ ခိုင်မာတဲ့အစိုးရအဖွဲ့က တာဝန်ယူတဲ့အတွက် ကျွန်တော်တို့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ယုံကြည်စိတ်ချမှုရှိပါတယ်" ဟု လီက ပြောသည်။ စင်ကာပူအစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လူနေအိမ်ရာများနှင့် အများပြည်သူသွားလာရေးအတွက် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
စင်ကာပူသည် ၎င်း၏ အရင်းနှီးဆုံး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားတို့နှင့် ဆက်ဆံရေးကို ဂရုစိုက်စောင့်ရှောက်နေသည်ဟုလည်း လီက ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံနှင့် ရေကြောင်းသွားလာမှု နယ်နိမိတ်ကိစ္စရပ်များ၊ လေပိုင်နက် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သော်လည်း အဆိုပါကိစ္စရပ်များအားလုံးကို စင်ကာပူနိုင်ငံသည် နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းများကို ကိုင်စွဲပြီး တည်တည်ငြိမ်ငြိမ်နှင့် အပြုသဘောဆောင်ကာ ဖြေရှင်းမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

















