ပေကျင်း-တရုတ်နိုင်ငံ၏ စက်ရုံများသည် နှစ်နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ဒီဇင်ဘာလတွင် ထုတ်လုပ်မှုပမာဏ၊ သို့မဟုတ် တန်ဖိုးအရ လျော့ပါးလာခဲ့ကြောင်း လေ့လာရေးတစ်ရပ်က ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြခဲ့သည်။
အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statities) နှင့် စက်ရုံအုပ်စုဖြစ်သော China Federation of Logisties & Purchasing အဝယ်မန်နေဂျာများ၏ အညွှန်းကိန်းသည် အမှတ် ၁၀ဝ စကေးတွင် နိုဝင်ဘာ လတွင် ၅၀ ဒသမ သုညမှ ၄၉ ဒသမ ၄ သို့ ကျဆင်းခဲ့သည်။ ၅၀ အောက်၌ရှိသော မည်သည့် ကိန်းဂဏန်းမဆို လုပ်ငန်းကျုံ့နေခြင်းကို ဖော်ပြသည်။ ဒီဇင်ဘာလက ကိန်းဂဏန်းသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကတည်းက အနိမ့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက ပထမဦးဆုံး ကျဆင်းမှုဖြစ်ခဲ့သည်။
စက်တင်ဘာလတွင် အဆုံးသတ်သော သုံးလပတ်၌ တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းလွန်ကာလ နောက်ပိုင်းတွင် ထိုမတိုင်ခင် နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၆ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျ သွားသည်။ ဘဏ်များကို ငွေပိုချေးရန် အမိန့်ပေးခြင်းနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ငွေကြေး ထုတ်ပေးခြင်းကို အားပေးတိုက်တွန်းခြင်းတို့ဖြင့် စီးပွားရေးလုပ်ငန်း ကျဆင်းခြင်းကို ဟန့်တားရန် အစိုးရ၏ ကြိုးပမ်းမှုများရှိလင့်ကစား စီးပွားရေးအရှိန် လျော့လာမှု ဖြစ်ပွားခဲ့သည်။
အလုံးစုံသော ကုန်ပစ္စည်းများ မှာယူခြင်းနှင့် တင်ပို့ ခြင်းများ ကျုံ့လာခြင်းက တရုတ်စက်ရုံများသည် ပြည်တွင်းနှင့် ပြည်ပက ဝယ်လိုအား လျော့နည်းလာခြင်းနှင့် ကြုံနေရသည်ကို ညွှန်ပြနေသည်။ သမ္မတ ဒေါ်နယ် ထရမ့်၏ ဒဏ်ခတ်သော သွင်းကုန်ပေါ် စည်းကြပ် ကောက်ခံသည့် အခွန်များရှိသော်လည်း အမေရိကန် ပြည်ထောင်စုသို့ ပို့ကုန်များသည် ၂၀၁၈ ခုနှစ် နောက်ပိုင်း တွင် တိုးတက်လျက်ရှိသည်။
နိုဝင်ဘာလ၌ အခြားနိုင်ငံများသို့ တင်ပို့မှုများ သိသာစွာကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ် အစောပိုင်း၌ အမေရိကန် ဝယ်လိုအားသည် လျော့လာမည်ဟု ကြိုတင်ခန့်မှန်းသူများက မျှော်လင့်ကြသည်။တရုတ်နှင့် အမေရိကန်ပြည်ထောင်စု သံကိုယ်စား လှယ်များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစောပိုင်း၌ စီးပွားရေးအရ ခြိမ်းခြောက်နေသော ကုန်သွယ်ရေး စစ်ပွဲကို ဖြေရှင်းရန် ရည်ရွယ်သည့် ညှိနှိုင်းမှုများအတွက် တွေ့ဆုံကြမည်ဖြစ်သည်။ ဒီဇင်ဘာ ၁၇ ရက်၌ ထရမ့်နှင့် ရှီတို့ သဘောတူ ခဲ့သည့် ပြစ်ဒဏ်အသစ်များအပေါ် ရက် ၉၀ တရားဝင်ဆိုင်းငံ့ ထားမှုသည် ၎င်းတို့၏ ပြန့်ကျဲနေသော အငြင်းပွားမှုကို ဖြေရှင်းရန် အချိန်အလွန်နည်းဖွယ်ရှိကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။
ဒီဇင်ဘာလလယ်၌ ပြုလုပ်သည့် စီးပွားရေးစီမံကိန်း ရေးဆွဲရေး နှစ်ပတ်လည်အစည်းအဝေး၌ အခွန်ဖြတ်ခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကို အတိုးနှုန်းလျော့ပါးသော ငွေချေးမှုများနှင့် အခြားနည်းလမ်းများဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ထောက်ကန်ပေးသွားရန် တရုတ်ခေါင်းဆောင်များက ကတိပေးခဲ့သည်။

















