ဂျေရုဆလင် ” ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသတွင်ဂျုးလူမျိုးများ အခြေချနေထိုင်ရန် နယ်မြေသစ်တစ်ခု ကို အစ္စရေးနိုင်ငံက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဂျုးလူမျိုးအခြေချနေထိုင်မှု ဆန့်ကျင်ရေး စောင့်ကြည့်လေ့လာရေးအုပ်စု ပိစ်နောင်းက တရားဝင် အစိုးရ အရင်းအမြစ်များမှတစ်ဆင့် စုဆောင်းထားသော အချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် အဆောက်အအုံ တည်ဆောက်မှု မြင့်တက်ခဲ့ပြီး အနာဂတ် ဆောက်လုပ်ရေး စီမံကိန်းရေးဆွဲရေးအတွက် အနှောင့်အယှက်တစ်ခုဖြစ်လာခဲ့သည်။
စစ်ရေးအနိုင်ရ နယ်မြေများတွင် အခြေချနေထိုင်ရန် နေအိမ် ထောင်ပေါင်းများစွာအတွက် အစ္စရေးကော်မတီက စီမံကိန်းများ တိုးမြှင့် ဆောင်ရွက်လာခဲ့ခြင်းက ထရမ့်အစိုးရ၏ ပါလက်စတိုင်းကို အယုံအကြည်မရှိမှု ပိုမို ပြင်းထန်ခဲ့ပြီး အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစီမံကိန်းတစ်ခု ရေးဆွဲရန် ပြင်ဆင်နေကြောင်းထုတ်ပြန်ခဲ့သည်။ အခြေချနေထိုင်ရန် နယ်မြေချဲ့ထွင်မှု က အစ္စရေးနိုင်ငံနှင့် ယှဉ်တွဲ၍ ပါလက်စတိုင်း နိုင်ငံတစ်နိုင်ငံ တည်ထောင်ရန် အခွင့်အရေးများ ဆုတ်ယုတ်လာခဲ့သည်။ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာခဲ့သည့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် အခြေအနေ တစ်ခု ပြောင်းလဲခဲ့ကြောင်း အခြေချနေထိုင်မှုကို ထောက်ခံအားပေးသူများနှင့် ဆန့်ကျင်သူများက အတည်ပြုခဲ့သည်။
အခြေချ လှုပ်ရှားမှု စိစစ်ချက်အချို့ကို ပိစ်နောင်းက အသုံးပြုခဲ့သည်။ ထိုအထဲတွင် စီမံကိန်းများ သို့မဟုတ် စီမံကိန်းတစ်ခု ပြင်ဆင်ရန် ဗျူရိုကရက်ဆန်သော အစောပိုင်းအဆင့်များ၊ တင်ဒါခေါ်ယူခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း စတင်မည့်အချိန်များ ပါဝင်သည်။
ထရမ့် ပထမ သမ္မတ သက်တမ်းအတွင်း ဆောက်လုပ်စ အဆောက်အအုံများ လျော့နည်းခဲ့ကြောင်း ပိစ်နောင်းအုပ်စုက ပြုစုခဲ့သော အချက်အလက်များအရသိရပြီး ၂၀၁၆ ခုနှစ်တွင် ၃çဝ၆၆ ယူနစ်မှ ၂၀၁၇ ခုနှစ်တွင် ၁,၆၄၃ ယူနစ်အထိ လျော့နည်းခဲ့သည်။ အိုဘားမားသမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်အတွင်း အကောင်အထည်ဆောင်ရွက်မှု လျော့ကျခဲ့သော အကျိုးသက်ရောက်မှုကို အဆိုပါလျော့နည်းမှုက ဖော်ပြနေသည်။
၂၀၁၈ ခုနှစ် အစောပိုင်း ကိုးလအတွက် ပြုစုထားသော အချက်အလက်များအရ ၂၀၁၇ ခုနှစ် အလားတူ ကာလထက် ဆောက်လုပ်ရေးလုပ်ငန်း ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် အခြေချနေထိုင်ရန် နေအိမ်အသစ် ၆၇၁၂ ခု တည်ဆောက်သွားရန် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၆ ခုနှစ်ထက် ၂ ဒသမ ၅ ဆ အကြမ်းဖျင်းမြင့်တက်ခဲ့သည်။
ထရမ့် လက်ထက် ဂျူးလူမျိုးများ အခြေချနေထိုင်ရေးလှုပ်ရှားမှု တွင် အကြီးမားဆုံး မြင့်တက်မှုမှာ စတင်ရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သော စီမံကိန်းများအတွက် တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တင်ဒါ ၃၁၅၄ ခု တင်သွင်းခဲ့ပြီး အိုဘားမားနောက်ဆုံး သမ္မတ သက်တမ်းတွင် ၄၂ ခုသာ တင်သွင်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တင်ဒါ ၃,၈၀ဝ အထိ မြင့်တက်ခဲ့ပြီး ပိစ်နောင်းအုပ်စု၂၀ဝ၂ ခုနှစ်တွင် စတင်ပြုစုခဲ့သော အချက်အလက်များတွင် အမြင့်ဆုံးအရေအတွက် ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးလူမျိုး လေးသိန်းကျော် အခြေချ နေထိုင်လျက်ရှိပြီး ဂျေရုဆလင် အရှေ့ပိုင်းတွင် နှစ်သိန်းခန့် နေထိုင်လျက်ရှိသည်။ ပါလက်စတိုင်းက ၁၉၆၇ ခုနှစ်တွင် အစ္စရေးက သိမ်းပိုက်ခဲ့သော အဆိုပါ နှစ်နေရာကို ၎င်းတို့၏ ပါလက်စတိုင်းနိုင်ငံတော်အစိတ်အပိုင်းအဖြစ် ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

















