အမေရိကန်နှင့် အစ္စရေး ယူနက်စကိုမှ နုတ်ထွက်

အမေရိကန်နှင့် အစ္စရေး ယူနက်စကိုမှ နုတ်ထွက်

ပါရီ ” အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည် ကုလသမဂ္ဂ  ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဇန်နဝါရီ၂ ရက်တွင် တရားဝင် နုတ်ထွက်လိုက်ရာ အဆိုပါအဖွဲ့သည် အစ္စရေးဆန့်ကျင်သူများအား ဘက်လိုက်ခြင်းကို အားပေးသည်ဆိုသည့်စိုးရိမ်ပူပန်မှုများ လွန်ခဲ့သည့် တစ်နှစ်ကျော်ကဖြစ်ပွားခြင်းကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါနုတ်ထွက်မှုကို အဓိကအားဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း ပြုလုပ်သော်လည်း ငြိမ်းချမ်းရေးကို အားပေးရန်ဒုတိယကမ္ဘာစစ်အပြီးတွင် တည်ထောင်ခဲ့သည့် ယူနက်စကိုအဖွဲ့ကို ဂယက်ရိုက်ခဲ့သည်။

ထရမ့်အစိုးရက ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် အဖွဲ့မှ နုတ်ထွက်ရန် သတိပေးအကြောင်းကြားထားပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ၎င်းနောက်မှ ဆောင်ရွက်ခဲ့သည်။

ပါရီမြို့တွင်အခြေစိုက်သည့် အဆိုပါအဖွဲ့အစည်းသည် အစ္စရေး ဆန့်ကျင်သူများကို ဘက်လိုက်သည့်အတွက် အဖွဲ့ကြီးအား ဝေဖန်သူများက လူသိရှင်ကြားစွပ်စွဲရှုတ်ချခဲ့သည်။ အရှေ့ဂျေရုဆလင်ကို အစ္စရေးတို့၏ သိမ်းပိုက်မှုကို ဝေဖန်ခြင်း၊ ရှေးဟောင်းဂျူးတို့နေထိုင်ရာနေရာများကို ပါလက်စတိုင်းအမွေအနှစ် နေရာများအဖြစ်သတ်မှတ်ခြင်း နှင့် ၂၀၁၁ ခုနှစ်တွင် ပါလက်စတိုင်းသို့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုခြင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြောင်းရပ်တစ်ရပ်ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးကိုယ်စားလှယ် ဒန်နီဒါနွန်က အစ္စရေးနိုင်ငံသည် ၎င်းတို့ကို တမင်သက်သက် ဆန့်ကျင်ရန်ရည်မှန်းချက်ထားရှိကာ အစ္စရေး၏ရန်သူများက လက်နက်အဖြစ်ကြိုးကိုင်နေသည့် ယူနက်စကို အဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံမဟုတ်တော့ကြောင်း ဇန်နဝါရီ ၁ ရက်က ပြောကြားခဲ့သည်။

ယဉ်ကျေးမှုဆိုင်ရာ နေရာများနှင့် ရိုးရာအစဉ်အလာများကို ကာကွယ် ထိန်းသိမ်းရန် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးအစီအစဉ်ဖြင့် အကျော်ကြားဆုံးဖြစ်သည့် ယူနက်စကိုအဖွဲ့ကြီးအတွင်း အခြေခံပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန်က တောင်းဆိုခဲ့သည်။ 

ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ်မဲပေးခဲ့ပြီးနောက် အစ္စရေးနှင့် အမေရိကန်တို့သည် အဖွဲ့သို့ထည့်ဝင်ရန်ရှိသော ငွေများကို ရပ်ပစ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ရန်ပုံငွေသိသိသာသာ လျှော့ချခံရခြင်းကို ကြုံတွေ့ခဲ့ရသည်။ စုစုပေါင်းရသုံးငွေစာရင်း၏ ၂၂ ရာခိုင်နှုန်းခန့်ရှိသည့် ဒေါ်လာ သန်း ၆၀ဝ ကို အမေရိကန်တို့က မပေးရသေးသည့် စုစုပေါင်းတင်ရှိငွေဖြစ်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းတွက်ချက်ခဲ့ရာ ထိုအချက်သည် သမ္မတထရမ့်၏ နုတ်ထွက်ရန် ဆုံးဖြတ်ချက်တွင် အကြောင်းတစ်ချက်ဖြစ်သည်။ အစ္စရေးက ခန့်မှန်းခြေ ဒေါ်လာ  ၁၀ သန်းပေးရန်ကျန်ရန်ကျန်ရှိသည်။