သဘာဝပတ်ဝန်းကျင်နှင့် အခြေခံအဆောက်အအုံ

သဘာဝပတ်ဝန်းကျင်နှင့် အခြေခံအဆောက်အအုံ

ကိန်းဘရစ်ချ် –အင်ဒိုနီးရှားနိုင်ငံ ဆူမတြာတွင် အလုပ် လုပ်ကိုင်နေသည့် သိပ္ပံပညာရှင်တို့က ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် စိတ်လှုပ်ရှားဖွယ်ရာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ကာ အဆိုပါကြေညာချက်မှာ ၎င်းတို့သည်အော်ရေဂူတန်ခေါ် မျောက်ဝံမျိုးစိတ် အသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးရှိ မျောက်ဝံကြီးများ၏မျိုးစိတ်သစ် အရေအတွက် ခုနစ်ခု ရှိလာပြီဖြစ်သည်ဟုဖော်ပြထားသည်။

သို့သော် နောက်တစ်နှစ်အကြာတွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံတန် ရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရန်အတွက်  တာပါနူလီအော်ရေဂူတန်မျောက်ဝံအရိုင်းကြီးများ ၈၀ဝ ခန့်နေထိုင်ရာ နေရာသည် ရှင်းလင်းဖယ်ရှားပစ်ခြင်းခံခဲ့ရသည်။ 

အဆိုပါ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းသည် နိုင်ငံတော်က ရေးဆွဲထားသည့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု၏ တစ်ရာခိုင်နှုန်းထက် လျော့နည်းကာဖြည့်ဆည်းပေးနိုင်သော်လည်း ထိုစီမံကိန်းကြောင့် ရှားပါးမျိုးစိတ် မျောက်ဝံကြီးများ မျိုးတုံးကွယ်ပျောက်သွားလိမ့်မည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။ ထိုအကြောင်းအရာကြောင့် သဘာဝပတ်ဝန်းကျင်တန်ဖိုးက ဘာလဲဆိုသည့် အဓိကမေးခွန်းတစ်ခု နောက်ထပ်တစ်ကြိမ် မေးစရာဖြစ်လာသည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာအောင် အပေးအယူပြုလုပ်နေသည်မှာ အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ပါ။ ၂၁ ရာစုသည် အခြေခံအဆောက်အအုံများ မကြုံစဖူး တိုးချဲ့သည့် အချိန်ကာလတစ်ခုဖြစ်လိမ့်မည်ဖြစ်ကာ ရေလှောင်တမံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြားလိုအပ်သည့် အဆောက်အအုံများတည်ဆောက်ရန် လာမည့် ၁၅ နှစ်အတွင်း ဒေါ်လာ ထရီလျံ ၉၀ သုံးစွဲလိမ့်မည်ဖြစ်သည်။ အမှန်တကယ် တွင်မူ လာမည့် ၁၅ နှစ်အတွင်း ယခုလက်ရှိထက်ပိုကာ အခြေခံအဆောက်အအုံများ ပိုမိုဆောက်လုပ်မည်ဖြစ်သည်။ ပင်ကိုသဘောအလျောက် ထိုလုပ်ငန်းစဉ်များကြောင့် တိရစ္ဆာန်များနေထိုင်ရာ နေရာများသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ကို မဆင်မခြင်ဖျက်ဆီးခံရမှုများလာခြင်း ကို ကြိုတင်စီမံထားခြင်း မရှိသော်လည်း ရေရှည်တည်တံ့ခိုင်မြဲစေမည့် ရွေးချယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်မှာ ကျွန်ုပ်တို့သည် သဘာဝတရား၏ တန်ဖိုးအစစ်အမှန်ကို အသိအမှတ်ပြုရမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်များထားရှိခြင်းနှင့် စီမံကိန်းတိုင်းတွင် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ဆက်စပ်မှုကို ပိုင်းခြားစိတ်ဖြာရမည်ဖြစ်သည်။

ယခုအခါ ထိုသို့ဖြစ်မလာသေးဘဲ အခြေခံအဆောက်အအုံအများစုကို သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်းမရှိသည့် ဈေးကွက်အကဲဖြတ်ခြင်းများပေါ် အခြေခံကာ စီမံကိန်းရေးဆွဲကာ တည်ဆောက်ခြင်းဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် သန့်ရှင်းသော သောက်သုံးရေ၊ ရေလွှမ်းမိုးမှုကာကွယ်ရေးကဲ့သို့ ဂေဟစနစ်လုပ်ငန်းများ အားပျော့ကာ ကပ်ဆိုက်မှုများ များပြားလာမှုကို ကမ္ဘာကြီးသည် ရင်ဆိုင်ကြုံတွေ့နေရသည်။

လက်ရှိအနေအထားကို ပြောင်းလဲရန် ကျွန်ုပ်တို့သည် စီးပွားရေး အကျိုးအမြတ်ကို ထည့်မတွက်ဘဲ သဘာဝအရင်းအနှီးများကို အန္တရာယ်မဖြစ်စေရန် လူ့ကျင့်ဝတ်နှင့်ကိုက်ညီသောရွေးချယ်မှုကို ပြုလုပ်ရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် ကျွန်အသုံးပြုမှု၊ သို့မဟုတ် ကလေးအလုပ်သမားများကို ငြင်းဆန်သကဲ့သို့ သဘာဝအားအမြဲတစေဖျက်ဆီးခြင်းကို ငြင်းပယ်ရမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အချို့သော အစိုးရများနှင့် စီပွားရေးလုပ်ငန်းများသည် ကြိုတင်ကာကွယ်မှုမူဝါဒကိုကျင့်သုံးကာ ပြုလုပ်ကြသည်။ သဘာဝပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရီယိုကြေညာချက်၏ အစိတ်အပိုင်းအဖြစ် ၁၉၉၂ ခုနှစ်တွင် သဘောတူ လက်ခံခဲ့သည့် အဆိုပါမူဝါဒတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ရှောင်ကြဉ်ရန် ဦးစားပေးနေရာတွင်ထားကာ ထည့်သွင်းဖော်ပြထားသည်။ 

တကယ့်အခက်အခဲမှာ အခြေခံအဆောက်အအုံအတွက် အနာဂတ်တွင် ငွေကို အများအပြား အသုံးပြုလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ထိုစိတ်မျိုးကို သွတ်သွင်းပေးရန်ဖြစ်သည်။ အဝေးပြေးကားလမ်း တည်ဆောက်ပြုပြင်မှုကို စဉ်းစားကြည့်မည်ဆိုပါက သက္ကရာဇ် ၂၀၅၀ တွင် အသစ်ခင်းထားသည့်လမ်းများ မိုင်ပေါင်း ၁၅ ဒသမ ၅ သန်းဖြစ်လာခြင်းသည် ကမ္ဘာကို အကြိမ် ၆၀ဝ ကျော် ပတ်ရန်လုံလောက်သည်။ ထို အသစ်ခင်းထားသည့် လမ်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း တည်ရှိကာ အဆိုပါနိုင်ငံများသည် ကြီးမားသော ပတ်ဝန်းကျင်ဖိအားများနှင့် ရင်ဆိုင်ကြုံတွေ့ရပြီးဖြစ်သည်။

လူဦးရေနှင့် ဝင်ငွေတိုးလာသည့်အတွက် လူသားတို့၏လိုအပ်ချက်များ တိုးမြင့်လာခြင်းနှင့်အတူ အခြေခံအဆောက်အအုံ ပိုမိုဆောက်လုပ်ရန်လည်း သဘာဝကျသောအကြောင်းပြချက်များရှိသည်။ သို့သော် လက်ရှိအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ရေတိုအကျိုးစီးပွားကြောင့် သက်ရှိများအားလုံး မှီခိုနေရသည့် သဘာဝသယံဇာတပစ္စည်းများကို ပြောင်တလင်းခါသွားစေလိမ့်မည်။ ကောင်းမွန်သည့် ပြုပြုင်တည်ဆောက်မှုကို အစီအစဉ်ရေးဆွဲရန် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများက သဘာဝပတ်ဝန်းကျင်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်သည်။ သဘာဝတရားကို တန်ဖိုးထားခြင်းမရှိသည့် ကမ္ဘာမြေတွင် ကျွန်ုပ်တို့ လူသားအားလုံးပါနေထိုင်နိုင်မည်မဟုတ်တော့ ဆိုသည့်အချက် ကို  တွေးမိသင့်ကြပေသည်။