မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ နှစ်သစ်ကူးမိန့်ခွန်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ နှစ်သစ်ကူးမိန့်ခွန်း

တိုကျို ” ဘဏ်လုပ်ငန်းရှင်တစ်ဦးကဲ့သို့ ဝတ်စုံပြည့် ဝတ်ဆင်ကာ သားရေဖြင့်ဖုံးချုပ်ထားသည့် လက်တင်ပါသောကုလားထိုင်တွင် ထိုင်၍ ကင်ဂျုံအန်းသည် ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းကို ဇန်နဝါရီ ၁ ရက်တွင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် မြောက်ကိုရီးယားခေါင်းဆောင်၏ပွဲဦးထွက် အစီအစဉ်သည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း အခြေအနေ အဆင်မပြေဖြစ်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်တိုက်ရင်ဆိုင်တိုးရန် တဲတဲလေးသာလိုခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စင်ကာပူ၌ သမ္မတထရမ့်နှင့် မကြုံစဖူး တွေ့ဆုံ ဆွေးနွေးခြင်းနှင့် တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ထိပ်သီးဆွေးနွေးပွဲများက နိုင်ငံများအချင်းချင်း တင်းမာမှုလျော့နည်းလာသည့် အရိပ်အယောင်ဖြင့် ကင်သည် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ ရုတ်ခြည်းပြန်တက်လာသည်။ 

ကင်ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုလုံး၏ သုံးပုံနှစ်ပုံခန့်မှာ စီးပွားရေးအကြောင်းဖြစ်သည်။ နျူကလီးယားလက်နက်နှင့် စီးပွားရေးကို တစ်ပြိုင်တည်းတိုးတက် အောင်ပြုလုပ်မည်ဆိုသည့် ၎င်း၏ဆောင်ပုဒ်ကို ကင်သည် ပြီးခဲ့သည့်နှစ်က စွန့်ပစ်ခဲ့ကာ စီးပွားရေးပေါ်တွင်သာ အရာရာအာရုံစူးစိုက်ရန် အခိုင်အမာ ပြောကြားခဲ့ပြီး ယခုအခါ စီးပွားရေးဆိုသည့်စကားရပ်သည် နိုင်ငံတော် စကားရပ်ဖြစ်နေသည်။

နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ ကင်နှင့် သမ္မတထရမ့်တို့၏ ဆက်ဆံရေးဖြစ်သော်လည်း ၂၀၁၈ ခုနှစ်တွင် ကင်၏အကြီးမားဆုံးဆောင်ရွက်ချက်များမှာ တောင်ကိုရီးယားနှင့် ဆက်ဆံရေးဖြစ်သည်။

၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်ရာတွင် မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားနိုင်ငံတို့သည် ဦးဆောင်သူများဖြစ်ကာ အလေးထားရမည့်အချိန်ဖြစ်သည်ဟု ကင်က အသားပေးပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်းသည် ကိုရီးယားကျွန်းဆွယ်အပေါ် အမေရိကန်ပြည်ထောင်စု၏အခန်းကဏ္ဍကို ဝေဖန်တိုက်ခိုက်သည့်စကားလုံးလည်းဖြစ်သည်။    ကင်၏မိန့်ခွန်းကို တောင်ကိုရီးယားတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့် ပြသခဲ့သည်။

မိန့်ခွန်းတွင် မချင့်မရဲဖြစ်စေမည့် ပြောကြားချက်မှာ အကယ်၍ အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်ထုတ်လုပ်မှုကို ကန့်သတ်ပါက ကင်ကလည်းကန့်သတ်မည်ဟု စကားရိပ်သန်းပြောကြားခဲ့သည်။ 

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းမဲ့ဇုန်ပြုလုပ်ရန် ၎င်း၏ အာမခံချက်ရှိနေသည်မှာ မြောက်ကိုရီးယားက တစ်ဖက်သတ် နျူကလီးယား ကင်းမဲ့ဇုန်ပြုလုပ်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းမှုများဖြင့် ထပ်မံရှင်းလင်းရန် လိုအပ်သည်။

ယခုနှစ်ပြောကြားသည့် မိနစ် ၃၀ ကြာမိန့်ခွန်းတွင် ကင်သည် တည်ငြိမ်ရင့်ကျက်ကာ ပြတ်ပြတ်သားသားတာဝန်ယူပြီး ၎င်းကိုယ်ပိုင်ဟန်ဖြင့် သက်သောင့်သက်သာ စွမ်းဆောင်ပြခဲ့သည်။