ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မဲလိမ်မှု စွပ်စွဲချက်များကို ငြင်းဆို

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မဲလိမ်မှု စွပ်စွဲချက်များကို ငြင်းဆို

ဒါကာ ” ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲ တွင် ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်သော တရားဝင်ရလဒ်များအရ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အာဏာရ မဟာမိတ်များက ပါလီမန်တွင် အမတ်နေရာအများစုကို ရရှိကာ အောင်ပွဲခံခဲ့ပြီးနောက် ဟာဆီနာသည် တတိယမြောက် သက်တမ်းကို ဆက်လက်တာဝန်ယူခွင့်ရခဲ့သည်။

ရွေးကောက်ပွဲရလဒ်များထုတ်ပြန်ပြီး နောက်တစ်နေ့ တွင် ဝ-န်ကြီးချုပ် ဟာဆီနာက သူ၏လုပ်ငန်းအောင်မြင်မှု များကို ဖော်ကျူးပြီး အတိုက်အခံများ၏ မဲလိမ်မှုစွပ်စွဲချက် များကို ပယ်ချခဲ့သည်။ ဟာဆီနာ ဦးဆောင်သည့် အဝါမီလိဂ်ပါတီသည် ဒီဇင်ဘာ ၃၀ ရက်ကကျင်းပသောရွေးကောက်ပွဲတွင် ၉၆ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၃၀ဝ အနက် ၂၈၈ နေရာတွင် အနိုင်ရရှိသည်။

ထင်ရှားသောရှေ့နေဖြစ်သူ ကာမဲလ်ဟိုစိန် ဦးဆောင် သည့် အတိုက်အခံမဟာမိတ်အဖွဲ့က အမတ် ခုနစ်နေရာ သာရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမ·း ဟီလား အူဒင်အာမက်က ပြောကြားခဲ့သည်။

အတိုက်အခံများက ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲယခုရွေးကောက်ပွဲသည် ဟန်ပြသက်သက်သာဖြစ်ပြီး နိုင်ငံရေးပါတီ-ဝင်များ စိုးမိုးခြင်းမရှိသည့် အာဏာပိုင်အဖွဲ့ ၏လက်အောက်တွင် ပြုလုပ်သော ရွေးကောက်ပွဲသစ် တစ်ရပ်ကျင်းပပေးရန် အတိုက်အခံခေါင်းဆောင် ဟိုစိန် က တောင်းဆိုခဲ့သည်။

ရွေးကောက်ပွဲမင်းကြီး ကေအမ် နူရူးဟူဒါက မဲပြန်လည်ပေးရေးမှန်သမျှကို ပယ်ချပြီး ယခုရွေးကောက်ပွဲတွင် အကြီးအကျယ်မမှန်ကန်မှုများ ရှိသည်ဟု တိုင်ကြားမှုများ မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟာဆီနာ၏ ဆယ်စုနှစ်ကြာ အဓိက ပြိုင်ဘက်ဖြစ်ခဲ့သူမှာ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဖြစ်ပြီး ၎င်းသည် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသား ရေးဝါဒီပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ခါလီဒါဇီယာကို တရားရုံးက ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမပြည့်မီ ကြောင်း ဆုံးဖြတ်ခဲ့သည်။ အကြောင်းမူ ၎င်းသည် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျော် ကျခံရန် စီရင်ချက်ချထား၍ဖြစ်သည်။ ဇီယာကို ထောက်ခံသူများကအဆိုပါစွပ်စွဲမှုများသည် နိုင်ငံရေးပယောဂဖြင့် စွပ်စွဲ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခါလီဒါဇီယာ မရှိသည့်နောက် အတိုက်အခံပါတီကို အသက် ၈၂ နှစ်အရွယ်ရှိ အဝါမီလိဂ်ပါတီဝင်ဟောင်း ဟိုစိန်က ဦးဆောင်ကာ ညွန့်ပေါင်းအဖွဲ့တစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ဟိုစိန်သည် ရှိတ်ဟာဆီနာ၏ဖခင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်သူ ခေါင်းဆောင်ကြီး မူဂျီဘူ ရာမန်ခေတ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ဒီဇင်ဘာ ၃၁ ရက်က ဒါကာနေအိမ်တွင် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံရာ၌ဟာဆီနာက နိုင်ငံရေးပြိုင်ဘက်များကို လက်တွဲရန်ကမ်းလှမ်းခဲ့သည်ဆိုခြင်းကို ငြင်းပယ်ခဲ့သည်။