ကိုလမ်ဘီယာတွင် ကိုကာ စိုက်ပျိုးမှု မြင့်တက်လာခြင်းကို အမေရိကန် စိုးရိမ်နေ

ကိုလမ်ဘီယာတွင် ကိုကာ စိုက်ပျိုးမှု မြင့်တက်လာခြင်းကို အမေရိကန် စိုးရိမ်နေ

ကိုလမ်ဘီယာတွင် ကိုကင်း ထုတ်လုပ်သည့် ကုန်ကြမ်းဖြစ်သော ကိုကာပင်များ စိုက်ပျိုးမှု မြင့်တက်လာခြင်းကို အထူးစိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုက ကိုလမ်ဘီယာ ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။

နှစ်နိုင်ငံ ပူးပေါင်းကာ ၂၀၂၃ ခုနှစ်တွင် ကိုကာ စိုက်ပျိုးမှု ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်အောင် ကြိုးပမ်းသွားမည်ဟု မစ္စတာ ပွမ်ပီယိုက ကိုလမ်ဘီယာ သမ္မတ အိုင်ဗန် ဒူကတ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကိုကာ စိုက်ခင်းများ နှိမ်နင်းရေး အရှိန်မြှင့်မည်ဟု ကိုလမ်ဘီယာက ကြေညာထားသည်။

ကိုလမ်ဘီယာတွင်  ကိုကာ စိုက်ခင်းများ ဖျက်ဆီးရေး၊ ကိုကင်း မှောင်ခိုသမားများ ချေမှုန်းရေးအတွက် အမေရိကန်က နှစ်စဉ် ဒေါ်လာ သန်း ၄၀ဝ ထောက်ပံ့လျက်ရှိသည်။ ကိုလမ်ဘီယာသည် ကမ္ဘာပေါ်တွင် ကိုကင်း ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး၊ အမေရိကန်သည်  ကိုကင်း သုံးစွဲမှု အများဆုံးနိုင်ငံ ဖြစ်နေသည်။

၂၀၁၈ ခုနှစ်အတွင်း ကိုကာ စိုက်ခင်း ဟတ်တာ ရှစ်သောင်းဝန်းကျင် ဖျက်ဆီးနိုင်ခဲ့ကြောင်း သမ္မတ ဒူကတ်က ပြောသည်။ ၂၀၁၉ ခုနှစ်အတွင်း ဧက တစ်သိန်းထိ  ဖျက်ဆီးနိုင်ရန် စီစဉ်ထားကြောင်းလည်း သမ္မတက ဆက်လက်ပြောကြားသည်။

ကိုကာ စိုက်ခင်းများ ဖျက်ဆီးရုံနှင့် မပြီးဘဲ လယ်သမားများကို အစားထိုး သီးနှံများ စိုက်ပျိုးနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် ငွေကြေးများစွာ လိုအပ်နေကြောင်း သမ္မတ ဒူကတ်က ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများဆိုင်ရာရုံး၏ စာရင်းများအရ ၂၀၁၇ တွင်  ကိုလမ်ဘီယာ၌ ကိုကာ စိုက်ခင်း ၁၇၁၀ဝ၀ ဟတ်တာ ရှိခဲ့ရာ ၂၀၁၆ ခုနှစ်ကထက်  ၁၇ ရာခိုင်နှုန်း ပိုများလာကြောင်း တွေ့ရသည်။