ကင်ဂျုံအွန်ထံမှထူးကဲလေးနက်သည့်စာတစ်စောင်လက်ခံရရှိ မဝေးသည့်အနာဂတ်၌ဒုတိယအကြိမ်တွေ့ဆုံရန်ထရမ့်မျှော်လင့်

ကင်ဂျုံအွန်ထံမှထူးကဲလေးနက်သည့်စာတစ်စောင်လက်ခံရရှိ မဝေးသည့်အနာဂတ်၌ဒုတိယအကြိမ်တွေ့ဆုံရန်ထရမ့်မျှော်လင့်

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ ထူးကဲလေးနက်သည့် စာတစ်စောင်လက်ခံရရှိထားကြောင်း၊ မဝေးလှသည့်အနာဂတ်တွင် ၄င်းနှင့်ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကဇန်နဝါရီ၂ရက်၌ ပြောဆိုခဲ့သည်။

အိမ်ဖြူတော်တွင် သတင်းထောက်များကိုပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြုံယမ်းနှင့်ဝါရှင်တန်အကြား စေ့စပ်ညှိနှိုင်းမှုများဖင့်နွှဲခဲ့ရခြင်းကိုလည်း ထရမ့်ကကာကွယ်ပြောကြားခဲ့သည်။

အာရှ၌စစ်ပွဲကြီးတစ်ပွဲမဖြစ်အောင် ၄င်း၏အစိုးရကတားဆီးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးမှုများအလျဉ်မလိုကြောင်း ပြောဆိုခဲ့သည်။၂၀၁၇ခုနှစ်နှစ်လယ်မှစ၍ မြောက်ကိုရီးယား၏ ဒုံးကျည်နှင့်နျူကလီးယားစမ်းသပ်မှုများရပ်ဆိုင်းထားခဲ့ပုံကိုလည်း ထရမ့်ကထောက်ပြခဲ့သည်။

ကင်၏နှစ်သစ်ကူးမိန့်ခွန်းအရ ၄င်းသည်အမှန်တစ်ကယ်ပူးတွဲလုပ်ဆောင်လိုပုံရကြောင်း၊ မြောက်ကိုရီးယားနှင့် မိမိတို့အလွန်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ခဲ့ကြောင်း၊ နောက်ထပ်ထိပ်သီးဆွေးနွေးပွဲဖြစ်နိုင်ခြေရှိနေကြောင်း၊ ၄င်းကဆုံတွေ့လိုကြောင်း၊ ယင်းအတွက်မိမိတို့စီစဉ်ရမည်ဖြစ်ပြီး မဝေးလှသည့်အနာဂတ်တွင် တွေ့ဆုံရန်မျှော်လင့်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇွန်လက ထရမ့်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံရာတွင် ကင်သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆောင်ရွက်သွားရန် ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ခိုင်မာသည့် တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ ဇန်နဝါရီ၁ရက်နှစ်သစ်ကူးမိန့်ခွန်းပြောရာတွင်လည်း အမေရိကန်ကပိတ်ဆို့မှုနှင့် ဖိအားဆက်ပေးပါကလမ်းကြောင်းသစ် ရှာဖွေရတော့မည်ဖြစ်ကြောင်း ကင်ကသတိပေးပြောကြားခဲ့သည်။ ထို့အပြင်ထရမ့်နှင့် အချိန်မရွေးထပ်မံတွေ့ဆုံရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။

ဇန်နဝါရီ၁ရက်မှာပင် တောင်ကိုရီးယားမှချိုဆန်အီလ်ဘိုးသတင်းစာက ကင်သည်နျူကလီးယားအရေး ဆွေးနွေးမှုတုံ့ဆိုင်းနေခြင်းနှင့် ပတ်သက်၍ ထရမ့်ထံသတင်းစကားတစ်စုံတစ်ရာပါးလိုက်ကြောင်း ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၂ ရက်၌ ထရမ့်ကကင်ပေးပို့သည့်စာကို ကိုင်ပြခဲ့ပြီးမကြုံစဖူးထူးကဲသည့်စာတစ်စောင်ဖြစ်ကြောင်း ပြောဆိုရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထရမ့်နှင့်ကင်ပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ပြုံယမ်းသို့အကြိမ်များစွာ သွားရောက်ခဲ့သည်။ သို့သော်ဒုတိယအကြိမ်ထိပ်သီးစည်းဝေးပွဲအကြို ညှိနှိုင်းရန်နိုဝင်ဘာတွင် ပြုံယမ်းသို့ပွမ်ပီယိုထပ်မံသွားရောက်မည့်ခရီးစဉ်ကို နှစ်ဘက်စလုံးက ရွှေ့ဆိုင်းထားခဲ့သည်။