အိုင်ဖုန်း ရောင်းအား ခန့်မှန်းချက် အက်ပဲ လျှော့ချ၊ ရောင်းချကျခြင်းကို တရုတ်အပေါ် ပြစ်တင်

အိုင်ဖုန်း ရောင်းအား ခန့်မှန်းချက် အက်ပဲ လျှော့ချ၊ ရောင်းချကျခြင်းကို တရုတ်အပေါ် ပြစ်တင်

အက်ပဲကုမ္ပဏီက အိုင်ဖုန်းရောင်းအားများ ပုံမှန်ထက် နှေးကွေးနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်လိုက်ပြီး၊ တရုတ်နိုင်ငံ စီးပွားအရှိန်နှေးကွေးခြင်းသည် အိုင်ဖုန်း ရောင်းအားများ ကျဆင်းရသည့် အဓိကအချက်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ဒီဇင်ဘာ ၂၉ ထိ ရှေ့ပိုင်းသုံးလအတွင်း ဝင်ငွေသည်  ဒေါ်လာ  ၈၄ ဘီလီယံ ရှိလိမ့်မည်ဟု အကြမ်းဖျင်း တွက်ချက်ခန့်မှန်းထားကြောင်း အက်ပဲက ထုတ်ပြန်သည်။

၂၀၁၈ စတုတ္ထ  သုံးလပတ်တွင် ဝင်ငွေ ဒေါ်လာ ၈၉ ဘီလီယံ ရနိုင်ခြေရှိသည်ဟု အက်ပဲက နိုဝင်ဘာတွင် ခန့်မှန်းထုတ်ပြန်ခဲ့သည့်နှုန်းထက် သိသိသာသာ လျော့ကျခဲ့သည်ကို တွေ့ရသည်။

ဝင်ငွေ ကျဆင်းသည့် သတင်းကြောင့် အက်ပဲ ရှယ်ယာဈေး ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ နိုဝင်ဘာလက စတင်ကာ ၂၈ ရာခိုင်နှုန်းထိ ကျဆင်းခြင်းဖြစ်ကြောင်းလည်း တွေ့ရသည်။ ဒေါ်လာ ၈၄  ဘီလီယံ ဝင်ငွေသည် ရှေ့နှစ်ကာလတူကထက် ၅  ရာခိုင်နှုန်း  ကျဆင်းခြင်းဖြစ်ကြောင်းလည်း တွေ့ရသည်။

တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မက်ကာအို ဒေသသည် အက်ပဲအတွက် အိုင်ဖုန်းရောင်းအား ဝင်ငွေ ၂၀ ရာခိုင်နှုန်းထိ  ရရှိနေသော နေရာလည်းဖြစ်သည်။ တရုတ်တွင် စီးပွားတိုးနှုန်း အရှိန်လျော့ကျနေခြင်းသည် အိုင်ဖုန်း ရောင်းအားများ ကျဆင်းရသည့် အဓိကအချက်ဖြစ်ကြောင်း အက်ပဲ စီအီးအို တင်မ်ကွတ်က မှတ်ချက်ပေး ပြောကြားသည်။

ဖွံ့ဖြိုးဆဲ ဈေးကွက်နိုင်ငံများဘက်တွင်လည်း ရောင်းအားများ သိသိသာသာ တိုးတက်ခြင်းမရှိဘဲ၊ သုံးစွဲသူများသည် လက်ရှိကိုင်ထားသော  အိုင်ဖုန်းများကိုသာ ဆက်သုံးလိုပြီး၊ နောက်ဆုံးထုတ် အိုင်ဖုန်းများသို့ ငွေကုန်ခံကာ ကူးပြောင်းသုံးလိုမှု နည်းပါးနေကြောင်း နည်းပညာဈေးကွက် ကျွမ်းကျင်သူများကလည်း ခန့်မှန်းထားသည်။