ဆိုမာလီယာအစိုးရသည် ကုလသမဂ္ဂ၏ဆိုမာလီယာဆိုင်ရာ ကိုယ်စားလှယ်ကို နိုင်ငံတော်အချုပ်အခြာအာဏာကိုထိပါးမှုဖြင့် မလိုလားအပ်သူစာရင်းသွင်းပြီး နိုင်ငံတွင်းမှနှင်ထုတ်လိုက်ပြီဖြစ်သည်။
ကုလကိုယ်စားလှယ် နီကိုလပ်စ် ဟေဆွမ်သည် ဆိုမာလီယာနိုင်ငံ၏အချုပ်အခြာအာဏာပိုင်မှုကိုထိပါးသောကြောင့် မလိုလားအပ်သူစာရင်းသွင်းလိုက်ပြီဖြစ်ကြောင်း ဆိုမာလီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။
ဟေဆွမ်သည် ဆိုမာလီယာသို့ မကြာသေးမီလများတွင်မှ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အယ်လ်ခိုင်ဒါနှင့်ပတ်သက်မှုရှိသော အယ်လ်-ရှာဘတ်သူပုန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဟောင်းဖြစ်သည့် မူခါတာ ရိုဘောင်းကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အထောက်အထားခိုင်မာမှုရှိမရှိကို ဟေဆွမ်က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
ရိုဘောင်းသည် ၂၀၁၇ ခုနှစ်တွင် အဖွဲ့နှင့်လမ်းခွဲခဲ့ပြီး နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ခဲ့သည်။ ရိုဘောင်းကို ဖမ်းဆီးမှုတွင် အနောက်တောင်ပိုင်းဒေသရှိ ကုလအထောက်အပံ့ခံ ရဲတပ်ဖွဲ့ပါဝင်ခြင်းရှိမရှိကိုလည်း ကုလကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သေးသည်။
ဒေသဆိုင်ရာရွေးကောက်ပွဲများ မကျင်းပမီရက်အနည်းငယ်အလိုတွင် အာဖရိကသမဂ္ဂအဖွဲ့ဝင် အီသိီယိုးပီးယားစစ်သည်များနှင့် ဆိုမာလီယာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ရိုဘောင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ရိုဘောင်းသည် လူကြိုက်များခံနေရသည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။
ရိုဘောင်းကို ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ထောက်လှမ်းရေးဌာနလက်အောက်ရှိ အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို မဆုံးဖြတ်မီတွင် စောင့်ကြည့်သုံးသပ်မှုများကိုပြုလုပ်နေကြောင်း ကုလသမဂ္ဂ၏ပြောခွင့်ရှိသူ ဖာဟန် ဟက်ခ်ကပြောဆိုခဲ့သည်။
ဇန်နဝါရီ ၂ ရက်အစောပိုင်းတွင် မိုဂါဒစ်ရှူးရှိ ကုလသမဂ္ဂရုံးစိုက်ရာ ခြံဝင်းတွင်းသို့ လက်နက်ကြီးကျည်ဆန် ခုနစ်ခုကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကုလဝန်ထမ်းနှစ်ဦးနှင့် ကန်ထရိုက်တစ်ဦးတို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ အယ်လ်-ရှာဘတ်သူပုန်များက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားသည်။
ဆိုမာလီယာအစိုးရသည် အယ်လ်-ရှာဘတ်သူပုန်အဖွဲ့နှင့် လမ်းခွဲပြီး လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သူများကို ကောင်းမွန်စွာဆက်ဆံခြင်းမရှိကြောင်း ယခုလုပ်ရပ်က ပြသနေသည်ဟု ပြောဆိုမှုများရှိနေသည်။

















