ပီရူးတွင် အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များအား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးရန် အားထုတ်မှုကို ရှေ့နေချုပ်က ပယ်ချခဲ့ပြီးနောက် အများပြည်သူ ဆန္ဒပြဖိအားပေးမှုများ ကြုံရပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြန်စတင်မည်ဟု ရှေ့နေချုပ်က တစ်ကျော့ပြန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့ဝင်များကို ရာထူးမှ ဖယ်ရှားပြီး နှစ်ရက်အကြာတွင် ရှေ့နေချုပ် ပီဒရို ချာဗာရီက စုံစမ်းစစ်ဆေးရေး ပြန်စတင်မည်ဟု ပြင်ဆင်ကြေညာခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များ၊ ယခင် သမ္မတဟောင်းများနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများသည် ဘရာဇီး အခြေစိုက် အိုဒီဘရတ် ဆောက်လုပ်ရေး လုပ်ငန်းကြီးထံမှ လာဘ်ငွေ ရယူခဲ့ခြင်း ရှိ မရှိကို စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများ ပြန်လည်စတင်ရန် ရှေ့နေချုပ်၏ ဆုံးဖြတ်ချက်ကို သမ္မတ မာတင် ဗီကာရာကလည်း ကြိုဆိုလိုက်သည်။ နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုများကို အမြစ်ဖြုတ် ရှင်းလင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု သမ္မတ ဗီကာရာက ကတိပြုထားသည်။ အကျင့်ပျက်ခြစားမှု နှိမ်နင်းရေး အဆိုပြုချက်ကိုလည်း သမ္မတ ဗီကာရာသည် လွှတ်တော်သို့ တင်သွင်းထားသည်။ လွှတ်တော်က သမ္မတ၏ အဆိုပြုချက်ကို ဥပဒေအဖြစ် အတည်ပြုမည် မပြုမည်ကို မခန့်မှန်းနိုင်သေး။ လက်ရှိ ပီရူးလွှတ်တော်တွင် အတိုက်အခံပါတီက ကြီးစိုးထားပြီး၊ အတိုက်အခံများကို ယခင်သမ္မတဟောင်း အဲဘတ်တို ဖူဂျီမိုရီ၏ သမီး ကိုင်ကို ဖူဂျီမိုရီက ဦးဆောင်လျက်ရှိကာ သမ္မတ ဗီကာရာ၏ အဆိုပြုချက်ကို မစ္စ ဖူဂျီမိုရီကလည်း ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

















