တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ဇူးမားသည် ပြည်သူပိုင်ငွေဖြင့် သီချင်းခွေတစ်ခွေထုတ်ရန် စီစဉ်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိနေကြောင်း အေပီသတင်းဌာနကဖော်ပြခဲ့သည်။
ဇူးမားသီဆိုသည့် သီချင်းများကို စုစည်းထုတ်ဝေမည့် အယ်လ်ဘမ်အတွက် အဲသဲကွီနီခရိုင်က ငွေကြေးထောက်ပံ့ရန် သဘောတူညီလိုက်ပြီဖြစ်သည်။ အဲသဲကွီနီခရိုင်အရာရှိများက ဇူးမား၏ ဆန့်ကျင်ရေးသီချင်းများသည် ယဉ်ကျေးမှုအမွေအနှစ်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်မဟာမိတ်( ဒီအေ) က ဇူးမား၏သီချင်းခွေအတွက် ငွေကြေးထောက်ပံ့ရန်သဘောတူညီမှုသည် နိုင်ငံပိုင်ငွေများကို ဖြုန်းတီးခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဇူးမားသည် ငါ့ စက်သေနတ်ကိုယူလာခဲ့ အမည်ရှိ ၎င်း၏နာမည်ကျော်သီချင်းကို လူထုတွေ့ဆုံပွဲများတွင် သီဆိုလေ့ရှိသည်။
အဲသဲကွီနီခရိုင်သည် ဇူးမား၏မွေးရပ်ခရိုင်ဖြစ်သည့် ကွာဇူးလူး-နေတယ်၌ တည်ရှိပြီး ဇူးမားကို ထောက်ခံသူအများဆုံးရှိရာအရပ်လည်းဖြစ်သည်။ ခရိုင်အစိုးရသည် ခရိုင်တွင်းနေထိုင်သည့် လူငယ်များ ဂီတနယ်ပယ်တွင် အောင်မြင်ရေးအတွက် ယင်းအရင်းအမြစ်များကို အသုံးပြုသင့်ကြောင်း ဒေသဆိုင်ရာဒီအေအကြီးအကဲ ဇွာကီလီမ ်နက်ဝန်ဂိုကပြောဆိုခဲ့သည်။
အကျင့်ပျက်ခြစားမှုများကျူးလွန်ခဲ့သည့် သိက္ခာမဲ့ သမ္မတတစ်ဦးက တောင်အာဖရိက၌ အသားအရောင်ခွဲခြားမှုအဆုံးသတ်ရေးလှုပ်ရှားမှုတွင် သီဆိုခဲ့သည့် သီချင်းများကို ပြန်လည်သီဆိုရုံသာမက ယင်းသီချင်းများကို စုစည်းပြီး အခွေထုတ်ရာတွင် နိုင်ငံပိုင်ငွေများကို အသုံးပြုရန် စီစဉ်ခြင်းကို လုံးဝဆန့်ကျင်ကန့်ကွက်မည်ဖြစ်ကြောင်း ဒီအေမှအရာရှိ နီကိုး ဂရေဟမ်ကပြောဆိုခဲ့သည်။
အသက် ၇၆ နှစ်အရွယ် ဇူးမားအား ၎င်း၏ပါတီဖြစ်သည့် အာဖရိကအမျိုးသားသမဂ္ဂ( အေအင်န်စီ)က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ရာထူးမှဖယ်ရှားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ကျော်ကာလများတွင် ပြုလုပ်ခဲ့သည့် လက်နက်ဝယ်ယူမှုအစီအစဉ်များနှင့်ပတ်သက်၍ ဇူးမားသည် ခြစားမှုများစွာဖြင့် စွပ်စွဲခံထားရသည်။

















