ကမ္ဘာမြေမှ မမြင်ရသည့် လ၏ တစ်ဖက်ခြမ်း မျက်နှာပြင်သို့ Chang’e-4 အာကာသယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။
ဇန်နဝါရီ ၃ ရက် ပေကျင်းစံတော်ချိန် ၁၀ နာရီ ၂၆ မိနစ်တွင် လူမဲ့ Chang’e-4 ယာဉ်သည် လ၏ တစ်ဖက်ခြမ်း တောင်ဝင်ရိုးစွန်းရှိ အိုင်ကန် ချိုင့်ဝှမ်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။
Chang’e-4 ယာဉ်သည် လမျက်နှာပြင် ဘူမိဖွဲ့စည်းပုံနှင့် ဇီဝဖွဲ့စည်းပုံများကိုလေ့လာရန်ကိရိယာများ သယ်ဆောင်သွားကြောင်း သိရသည်။
လမျက်နှာပြင် အခြားဘက်ခြမ်းသို့ ဆင်းသက်နိုင်ခဲ့ခြင်းသည် အာကာသလေ့လာမှု သမိုင်းကြောင်းတွင် အထင်ကရ အောင်မြင်မှုဖြစ်ကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။
ယခင်က လလေ့လာရေး ယာဉ်များသည် ကမ္ဘာမြေမှ မြင်ရသော မျက်နှာစာဘက်ခြမ်းသို့သာ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး၊ Chang’e-4 သည် အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံး ဆင်းသက်ခဲ့ခြင်းဖြစ်သည်။
လ၏ အခြားဘက်ခြမ်း မျက်နှာပြင် ဓာတ်ပုံများကိုလည်း Chang’e-4 က စတင်ပေးပို့နေပြီဖြစ်သည်။
ကမ္ဘာမှမမြင်ရသော လ၏ အခြားတစ်ဖက် မျက်နှာပြင်မှ ကမ္ဘာသို့ တိုက်ရိုက်ဆက်သွယ်၍ မရနိုင်သဖြင့် ဒေတာများနှင့် ဓာတ်ပုံများကို အခြားသော ဂြိုလ်တုတစ်လုံးသို့ ဦးစွာ ပေးပို့ကာ ထိုမှတစ်ဆင့် ကမ္ဘာမြေသို့ ထပ်ဆင့်ပေးပို့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းများက Chang’e-4 သည် လ၏ အခြားတစ်ဖက် မျက်နှာပြင်သို့ ဆင်းသက်ရန် ပတ်လမ်းကြောင်းကို ဖြည်းဖြည်းချင်း နိမ့်ဆင်းခဲ့ပြီးနောက် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာကာသလေ့လာရေးနှင့် ပတ်သက်လျှင် တရုတ်သည် နောက်ကျမှ ပြိုင်ပွဲဝင်သော နိုင်ငံနှယ်ဖြစ်သော်လည်း တိုးတက်မှု မြန်ဆန်လျက်ရှိသည်။ ၂၀ဝ၃ ခုနှစ်ကမှ ပထမဆုံး တရုတ် အာကာသယာဉ်မှူးကို အာကာသအတွင်းသို့ စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

















