ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့တွင် ဖြစ်ပွားနေသည့် အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) ကြောင့် မြိတ်နှင့် ကော့သောင်းမြို့တို့တွင် ပုံမှန် ပြေးဆွဲနေသော ကျွန်း အပန်းဖြေ ခရီးစဉ်များကို ဇန်နဝါရီ ၃ ရက်မှ စ၍ ဖျက်သိမ်းကာ အားလုံး ရပ်နားထားကြောင်း သက်ဆိုင်ရာ ဟိုတယ်ခရီး ဦးစီးဌာနထံမှ သိရ သည်။
ရေကြောင်း ဦးစီးဌာနက မုန်တိုင်း သတိပေးစာ ထုတ်ပြန် ထားကြောင်း၊ ဇန်နဝါရီလ ၃မှ ၇ ရက်အထိ ပင်လယ်ပြင်၌ မိုးသက် လေပြင်းများ ကျရောက်မည် ဖြစ်၍ ရေပြင်/ မြေပြင် လေသည် တစ်နာရီ (၃၅) မိုင် အထိ တိုက်ခိုက် နိုင်ပါ သဖြင့် မြိတ်- ကျွန်းစု အတွင်း ပြေဆွဲနေသော အမြန်ရေယာဉ်များမှ လွဲ၍ သစ်သားခွံ ကုန်တင် စက်လှေများ၊ အပျော်စီး သင်္ဘောများနှင့် ကျန် ခရီးသည်တင် ရေယာဉ်များ ပြေးဆွဲခြင်း မပြုရန် ကြေညာထားကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးမှူး ဦးစီးဌာန ရုံးထံမှ သိရ သည်။
မြိတ်ခရိုင် ခရီးသွားလုပ်ငနန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ညိုက“မုန်တိုင်း သတိပေးထားလို့ ကျွန်တော်တို့ ကျွန်းအပန်းဖြေ အပျော်စီး သင်္ဘောတွေ ၄ ရက်မှ ၇ ရက်နေ့ အထိ ရပ်နားထားဖို့ ရှိပါတယ်၊ အသင်းအနေနဲ့လည်း တစ်စီးမှ မထွက်ကြဖို့လည်း ပြောထားပါတယ်၊ တကယ်လို့ သတိပေးထား နေရက်နဲ့ ထွက်ရင် ပြဿနာ တစ်ခုခု ဖြစ်လာရင်တော့ ထွက်တဲ့ ကုမ္ပဏီကပဲ တာဝန်ယူပေးရမယ်”ဟု ပြောကြား သည်။
ယင်းမုန်တိုင်းကြောင့် ယခု ရက်ပိုင်း အတွင်း မြိတ်ကျွန်းစုနှင့် ကော့သောင်း အပန်းဖြေ ကျွန်းများသို့ သွားရောက်မည့် ဧည့်သည် ခရီးစဉ်များကိုလည်း အများအပြား ဖျက်သိမ်း လိုက်ရကြောင်း၊ သက်ဆိုင်ရာ ခရီးသွား လုပ်ငန်းရှင်များထံမှ သိရ သည်။
















