အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၃ ရက်က လွှတ်တော်အသစ်များ စတင်ခဲ့ပြီဖြစ်ပြီး ဒီမိုကရက်တစ်တို့ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည့် အောက်လွှတ်တော်တွင် ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ် နန်စီပဲလိုစီသည် တစ်ကျော့ပြန် လွှတ်တော်ဥက္ကဌ ဖြစ်လာသည်။
၁၁၆ ကြိမ်မြောက် အောက်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရသည့် နန်စီပဲလိုစီသည် အမေရိကန်၌ သမ္မတနှင့် ဒုသမ္မတနောက် တတိယအာဏာအရှိဆုံးသူ ဖြစ်လာသည်။
အမေရိကန်နိုင်ငံရေးသမိိုင်းတွင် အာဏာအရှိဆုံး အမျိုးသမီးလည်း ဖြစ်လာပြီဖြစ်သည့် ၄င်းသည် ၂၀ဝ၇ မှ ၂၀၁၁ ခုနှစ်အထိလည်း အောက်လွှတ်တော်ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။
သမ္မတထရမ့်တာဝန်ယူခဲ့ချိန်မှစ၍ နှစ်နှစ်လုံးလုံး လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလီကန်တို့ ထိန်းချုပ်နိုင်ခဲ့ရာမှ ယခုအခါ အထက်လွှတ်တော်ကိုသာ ထိန်းချုပ်နိုင်တော့သည်။
အမေရိကန်တွင် အမျိုးသမီးများမဲပေးခွင့်ရသည့် နှစ် ၁၀ဝ ပြည့်မြောက်ချိန်တွင် အောက်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရ၍ ဂုဏ်ယူကြောင်း၊ လွှတ်တော်နှစ်ရပ်၌ အမျိုးသမီးအမတ် ၁၀ဝ ကျော် ရှိလာရာ အမေရိကန်သမိုင်း၌ အမျိုးသမီးအမတ် အများဆုံးအချိန်ဖြစ်ကြောင်း အသက် ၇၈ နှစ်ရှိနန်စီပဲလိုစီက ဇန်နဝါရီ ၃ ရက်၌ ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသားများက သမိုင်းစာမျက်နှာသစ်ဖွင့်ရန် မဲပေးတောင်းဆိုခဲ့ကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒီမိုကရေစီကိုကာကွယ်စောင့်ရှောက်ရန်အပြင် အပြန်အလှန်ထိန်းညှိရန် ဆောင်ရွက်နိုင်ကြတော့မည်ဖြစ်ကြောင်း၊ အောက်လွှတ်တော်သည် ဥပဒေပြုလွှတ်တော်အနေဖြင့် သမ္မတ၊ တရားစီရင်ရေးစနစ်တို့နှင့် တန်းတူအာဏာရှိကြောင်းလည်း နန်စီပဲလိုစီက ပြောဆိုခဲ့သည်။
အောက်လွှတ်တော်ပြန်လည်စတင်ပြီးနောက် ရပ်တန့်နေသည့် အစိုးရယန္တားအချို့ ပြန်လည်လည်ပတ်နိုင်ရေး ဒီမိုကရက်ဘက်မှ ဘတ်ဂျက်မူကြမ်းတစ်ရပ် မဲခွဲဆုံးဖြတ်ခဲ့သော်လည်း မက္ကဆီကိုနယ်စပ်တံတိုင်းအတွက် ရန်ပုံငွေ မပါရှိချေ။ ယင်းရန်ပုံငွေမပါရှိသည့် ဘတ်ဂျက်မူကြမ်းကို လက်မှတ်ထိုးအတည်ပြုမည်မဟုတ်ဟု သမ္မတထရမ့်က ပြောဆိုခဲ့သည်။

















