မုန်တိုင်းကြောင့် မြောက်ပင်လယ်၌ ဧရာမကွန်တိန်နာသင်္ဘောမှ ကုန်သေတ္တာ ၂၇၀ ရေထဲလျှောကျ၊ ဓာတုပစ္စည်းများပါ၍စိုးရိမ်နေ

မုန်တိုင်းကြောင့် မြောက်ပင်လယ်၌ ဧရာမကွန်တိန်နာသင်္ဘောမှ ကုန်သေတ္တာ ၂၇၀ ရေထဲလျှောကျ၊ ဓာတုပစ္စည်းများပါ၍စိုးရိမ်နေ

ပနားမားမှတ်ပုံတင်ဖြစ်ပြီး ဥရောပတွင် အကြီးဆုံးကုန်သေတ္တာတင်သင်္ဘောဖြစ်သည့် MSC Zoe သည် ဇန်နဝါရီ ၃ ရက်က မုန်တိုင်းကြောင့် ဂျာမနီကျွန်းတစ်ကျွန်းအနီးတွင် ကုန်သေတ္တာ ၂၇၀ ခန့် ပင်လယ်ထဲလျှောကျခဲ့ပြီး ကုန်စည်များတွင် ဓာတုပစ္စည်းများလည်း ပါဝင်၍ သတိပေးချက် ထုတ်ပြန်ထားရသည်။

ဂျာမနီဘောကမ်ကျွန်းအနီးတွင် ကုန်သေတ္တာများ စတင်လျှောကျခဲ့ပြီး အများစုသည် ဒီရေကြောင့် အနောက်တောင်ဘက်သို့ မျောပါခဲ့သည်။

နယ်သာလန်မှ တာချဲလင်းကျွန်းအပါအဝင် ကျွန်းငါးကျွန်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပွားခဲ့ပြီး မြောက်ပင်လယ်ထဲ ပျောက်ဆုံးနေသည့် ကုန်သေတ္တာများကို အာဏာပိုင်များက ရှာဖွေနေသည်။ ကုန်သေတ္တာသုံးလုံးတွင် အဆိပ်ဖြစ်နိုင်သည့်ဓာတုပစ္စည်းများ ပါဝင်ခြင်းကြောင့် ဂျာမနီနှင့်ဒတ်ချ် အာဏာပိုင်များက ဒေသခံများကို သတိပေးထားရသည်။

ကုန်သေတ္တာတစ်လုံးမှ ပါအောက်ဆိုက်ပေါင်ဒါမှုန့်များနှင့် ဓာတုပစ္စည်း ၂၅ ကီလိုဂရမ်ပါအိတ်တစ်အိတ်ကို ဇန်နဝါရီ ၃ ရက်မှာပင် ပြန်လည်ဆယ်ယူမိခဲ့သည်။

ယင်းသင်္ဘောသည် ကုန်သေတ္တာ ၁၉၀ဝ၀ အထိ တင်ဆောင်နိုင်စွမ်းရှိပြီး ဘယ်လ်ဂျီယံဆိပ်ကမ်းတစ်ခုမှ ဝါဒန်ပင်လယ်ကိုဖြတ်သန်းမည့်ခရီးလမ်းတွင် ဂျာမနီမြောက်ပိုင်းကို တိုက်ခတ်သည့် မုန်တိုင်းနှင့်တိုး၍ သင်္ဘောဟန်ချက်ပျက်ကာ ကုန်သေတ္တာများ လျှောကျခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် ပင်လယ်လှိုင်းများအမြင့် ၁၀ မီတာ(၃၃ ပေ)အထိ ရှိခဲ့ကြောင်း ဒတ်ချ်အရာရှိများကပြောဆိုသည်။ ပြင်းထန်သည့်ဒီရေလှိုင်းကြောင့်လည်း ကုန်သေတ္တာများသည် ဂျာမနီကမ်းလွန်ဘက်မှ ဒတ်ချ်ကမ်းလွန်ဘက်မျောပါကာ ကျွန်းငါးကျွန်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သည်။ မျောပါနေသည့် ကုန်သေတ္တာများနှင့် ထိခိုက်မိမည်ကို အခြားသင်္ဘောများလည်း စိုးရိမ်နေသည်။

ဂျနီဗာအခြေစိုက်ကုမ္ပဏီတစ်ခုကပိုင်ဆိုင်သည့် MSC Zoe သည် ဇန်နဝါရီ ၃ ရက်ညအလွန်တွင် ဂျာမနီဆိပ်ကမ်း ဘရီမာဟာဗန်တွင် ဆိုက်ကပ်ခဲ့သည်။ ဒတ်ချ်ကျွန်းများတွင် စစ်သည်များပါဝင်သည့် ပင်လယ်ပြင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီးတီဗွီ၊ ရှူးဘိနပ်၊ အိတ်၊ ကူရှင်၊ ကုလားထိုင်နှင့် ကလေးစရာစသည့် ကုန်စည်အများဆယ်ယူရရှိခဲ့သည်။

၂၀ဝ၇ ခုနှစ်က MSC Napoli သည် အင်္ဂလန်အနောက်တောင်ကမ်းလွန်တွင် ကုန်သေတ္တာ ၈၀ ရေထဲ လျှောကျခဲ့ဖူးသည်။