အမေရိကန်အဆိုတော်နှင့်သီချင်းရေးဆရာ မာဗင်ဂေး၏ Let's Get It On သီချင်း၏တစ်စိတ်တစ်ပိုင်းကို ကူးချမှုဖြင့် စွဲဆိုခံထားရသည့် တရားစွဲဆိုမှုကို ရုပ်သိမ်းပေးရန် ဗြိတိန်အဆိုတော်နှင့်သီချင်းရေးဆရာ အက်ဒ်ရှီရန်က လျှောက်ထားတောင်းဆိုထားခြင်းကို အမေရိကန်ခရိုင်တရားသူကြီးတစ်ဦးက ပယ်ချလိုက်ပြီဖြစ်သည်။
ယခုအမှုနှင့်ပတ်သက်၍ ဂျူရီလူကြီးများက ဆုံးဖြတ်လိ်မ့်မည်ဖြစ်ကြောင်း တရားသူကြီး လူဝီစ်စတန်တန်က ဇန်နဝါရီ ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ အနုပညာရှင်နှစ်ဦး၏လက်ရာများတွင် တူညီမှုတော်တော်များသည်ကို တွေ့ရှိခဲ့ရကြောင်း တရားသူကြီး စတန်တန်ကပြောဆိုခဲ့သည်။
၁၉၇၃ ခုနှစ်တွင် နာမည်ကျော်ကြားခဲ့သည့် ဂန္ထဝင်သီချင်း Let's Get It On မှ စာသားများကို ၎င်း၏နာမည်ကျော်သီချင်း Thinking Out Loud တွင် ကူးချခြင်းမပြုခဲ့ကြောင်း ရှီရန်ကပြောဆိုခဲ့သည်။
Let's Get It On ကို ဂေးနှင့်အတူ ပူးတွဲရေးသားခဲ့သည့် အက်ဒ်တောင်းဆန့်၏အမွေဆက်ခံသူများက ရှီရန်၊ ဆိုနီအေတီဗွီဂီတထုတ်လုပ်ရေး၊ အတ္တလန္တိတ်အသံသွင်းကုမ္ပဏီတို့ကိုတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
နစ်နာကြေးအဖြစ် ဒေါ်လာ သန်း ၁၀ဝ ရလိုကြောင်း တရားစွဲဆိုသူများက ရုံးတော်သို့ လျှောက်ထားခဲ့သည်။
သီချင်းနှစ်ပုဒ်ကြား တူညီမှုများရှိခဲ့သော်လည်း ဂေး၏သီချင်းသံစဉ်သည် မူပိုင်ခွင့်ဖြင့် ကာကွယ်ပေးထားနိုင်သည်အထိ ကွဲပြားခြားနားမှုမရှိကြောင်း တရားသူကြီး စတန်တန်ကပြောဆိုခဲ့သည်။ ရှီရန်၏သီချင်းသည် ကာလရှည်ကြာမြင့်သည့် စိတ်ကူးယဉ်အချစ်ကို ပုံဖော်ထားပြီး ဂေး၏သီချင်းသည် လိင်အသားပေးသဘောဖြစ်ကြောင်း ရှီရန်၏ရှေ့နေများက လျှောက်ထားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရှီရန်သည် ၎င်း၏ နာမည်ကျော် Photograph သီချင်းသည် အခြားသီချင်းကိုကူးချထားကြောင်း စွပ်စွဲခံခဲ့ရပြီး မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် ဒေါ်လာ သန်း ၂၀ ပေးအပ်ခဲ့ရသည်။

















