အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ နာမည်ကျော် ဟိန္ဒူဘုရားကျောင်းတွင်းသို့ အမျိုးသမီးနှစ်ဦးကို ဝင်ရောက်ခွင့်ပြုခဲ့ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီ ၃ ရက်တွင် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများသည် ဈေးဆိုင်များကို ဖျက်ဆီးခြင်းကိုပြုလုပ်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံမှုများလည်းရှိခဲ့သည်။
ကီရာလာပြည်နယ်ရှိ အဓိကမြို့များဖြစ်သော ကိုရှီကိုဒဲ၊ ကန္နာ၊ မာလာပူရာမ၊ ပါလက္ကတ်၊ သီရူဝနန်သာပူရာမမြို့များ၌ ဆန္ဒပြသူများသည် မီးရှို့ထားသော ကားတာယာများနှင့် ကွန်ကရစ်တုံးများကိုလမ်းပေါ်တွင်ချထားပြီး ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။
ဝန်ကြီးချုပ်နာရိန္ဒြာမိုဒီ၏ ဗရာတီယဇနတပါတီ( ဘီဂျေပီ) ကိုထောက်ခံသူများသည် အကြမ်းဖက်မှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဝိဇယက စွပ်စွဲပြောဆိုပြောဆိုခဲ့သည်။ ဆန္ဒပြသူများ၏တိုက်ခိုက်မှုကြောင့် နိုင်ငံပိုင်ဘတ်စ်ကားတချို့ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ဘတ်စ်ကားပြေးဆွဲမှုကို ရပ်ဆိုင်းခဲ့သည်။
ဟိန္ဒူအဖွဲ့များစွာပါဝင်သော ဆာဘရီမာလာကာမသမီထိအမည်ရှိ အဖွဲ့၏တိုက်တွန်းမှုကြောင့် မိုဒီ၏ပါတီကိုထောက်ခံသူများစွာ လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဇန်နဝါရီ ၂ ရက်အစောပိုင်းတွင် အမျိုးသမီးနှစ်ဦးသည် နာမည်ကျော် ဆာဘရီမာလာဘုရားကျောင်းတွင်း ဝင်ရောက်ဝတ်ပြုခဲ့သည်။ အမျိုးသမီးများအား ကာကွယ်ရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါတာဝန်ဖြစ်သောကြောင့် ယင်းအမျိုးသမီးနှစ်ဦးအတွက် ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေးခဲ့ကြောင်း ဝိဇယကပြောဆိုခဲ့သည်။
အသက် ၁၀ နှစ်မှ ၅၀ နှစ်အတွင်းရှိ လစဉ်သွေးဆင်းသည့်အရွယ် အမျိုးသမီးများဝင်ရောက်ခွင့်မရှိကြောင်း ဆာဘာရီမာလာဘုရားကျောင်းတွင် ပိတ်ပင်ချက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။ တရားလွှတ်တော်ချုပ်က ယင်းပိတ်ပင်ချက်သည် ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း ဆုံးဖြတ်ကာ ပိတ်ပင်ချက်ရုပ်သိမ်းရန် ညွှန်ကြားခဲ့သော်လည်း ဘုရားကျောင်းတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် အမျိုးသမီးတချို့ကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။
အသက် ၄၂ နှစ်အရွယ် ဘင်ဒူ အမ္မီနီ နှင့် အသက် ၄၄ နှစ်အရွယ် ကာနာကာ ဒူဂါတို့သည် ဘုရားကျောင်းတွင်းသို့ အရုဏ်တက်ချိန်တွင်ဝင်ရောက်ခဲ့သည်။ ဝိဇယ၏အစိုးရသည် တရားလွှတ်တော်ချုပ်၏ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့သည်။
ဟိန္ဒူဘုရားကျောင်းအများစုသည် လစဉ်သွေးမဆင်းသည့် အချိန်တွင် အမျိုးသမီးများကို ဝင်ရောက်ခွင့်ပြုထားသော်လည်း ဆာဘာရီမာလာဘုရားကျောင်းမှာမူ တင်းကျပ်လွန်းသောကြောင့် နာမည်ကျော်ကြားခဲ့သည်။
ဘုရားကျောင်းသည် တောင်ကုန်းထိပ်တွင်ရှိပြီး နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာ ဘုရားဖူးလာရောက်လေ့ရှိသည်။ ဘုရားကျောင်းတွင်းဝင်ရောက်ရန် မြင့်မြတ်သော လှေကား ထစ် ၁၈ ထစ်ကို နင်းလျှောက်ရန် လိုအပ်ပြီး ၄၁ ရက်ကြာ ဥပုသ်စောင့်ထိန်းပြီးမှသာ ယင်းလှေကားထစ်များကိုတက်ရောက်ခွင့်ရှိကြောင်း ဘုရားကျောင်းဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

















