အီတလီရှိ မြောက်ကိုရီးယားသံအမတ် ရာထူးသက်တမ်းကုန်ချိန် ဇနီးနှင့်အတူပုန်းအောင်းနေဟု တောင်ကိုရီးယားအမတ်တစ်ဦးဆို

အီတလီရှိ မြောက်ကိုရီးယားသံအမတ် ရာထူးသက်တမ်းကုန်ချိန် ဇနီးနှင့်အတူပုန်းအောင်းနေဟု တောင်ကိုရီးယားအမတ်တစ်ဦးဆို

အီတလီရှိ မြောက်ကိုရီးယား ယာယီသံအမတ်သည် ရာထူးသက်တမ်းကုန်ဆုံးချိန်တွင် ၄င်း၏ဇနီးနှင့်အတူ ပုန်းအောင်းနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယားလွွှတ်တော်အမတ်တစ်ဦးက ပြောဆိုခဲ့ရာ နိုင်ငံစွန့်ခွာထွက်ပြေးမှု ဖြစ်ဖွယ်ရှိကြောင်း ယူဆချက်များ ပိုမိုမြင့်တက်နေသည်။

မြောက်ကိုရီးယားသံတမန် ဂျိုဆွန်ဂီလ်၏ ဖြစ်စဉ်ကို တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီ (အင်န်အိုင်အက်စ်)က ဇန်နဝါရီ ၃ ရက်၌ ဆိုးလ်တွင် အမတ်များကို တံခါးပိတ်ရှင်းပြခဲ့ကြောင်း၊ ၄င်း၏ရာထူးသက်တမ်းသည် လွန်ခဲ့သည့်လက ကုန်ဆုံးခဲ့ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် ကင်မင်ကီက ပြောဆိုသည်။ သို့သော် အင်န်အိုင်အက်စ်နှင့် ဂျိုဆွန်ဂီလ် အဆက်အသွယ်မရှိဟုလည်း ဆိုသည်။

အီတလီနိုင်ငံခြားရေးဌာနအရာရှိတစ်ဦးက ဂျိုသည်  အီတလီတွင် ခိုလှုံခွင့်တောင်းခံခဲ့ခြင်းမရှိကြောင်း၊ သံတမန် အခွင့်အရေးလည်း မရှိတော့ကြောင်း ဇန်နဝါရီ ၃ ရက်က ပြောဆိုခဲ့သည်။ ယင်းအတွက် မြောက်ကိုရီးယားဘက်က မှတ်ချက် တစ်စုံတစ်ရာမပေးသေးချေ။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်ချိန်မှစ၍ မြောက်ကိုရီးယားနိုင်ငံသား ၃၀ဝ၀ဝ ခန့် တောင်ကိုရီးယားသို့ ထွက်ပြေးခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားစာရင်းအရ သိရသည်။ အများစုသည် ပြုံယမ်း၏ ဖိနှိပ်သည့်နိုင်ငံရေးစနစ်နှင့် ဆင်းရဲတွင်းမှလွတ်ကင်းအောင် ထွက်ပြေးခြင်းဖြစ်ပြီး ပြုံယမ်းကမူ ထွက်ပြေးသူများကို ဆိုးလ်ကထောက်ပံ့ခြင်းကြောင့် သို့မဟုတ် ပြန်ပေးဆွဲခံရခြင်းကြောင့်ဟု ပြောဆိုခဲ့သည်။

ဝါရှင်တန်၊ ဆိုးလ်တို့နှင့် စေ့စပ်ရန် ကြိုးပမ်းနေချိန်တွင် ပြုံယမ်းသည် ဂျိုဆွန်ဂီလ်ထွက်ပြေးနိုင်ခြေရှိမှုကို လျစ်လျူရှုခြင်း၊ ပြစ်တင်ရှုတ်ချခြင်းတို့ကို ရှောင်ကြဉ်နိုင်ဖွယ်ရှိကြောင်း ဆိုးလ်ရှိ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ခိုယူဟွန်က ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၏နျူနှင့်ဒုံးကျည်စမ်းသပ်မှုကို ကန့်ကွက်သည့်အနေဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက အီတလီဆိုင်ရာ မြောက်ကိုရီးယားသံအမတ် မန်ဂျုန်နမ် နှင်ထုတ်ခဲ့ရပြီးနောက် ဂျိုဆွန်ဂီလ်သည် ယာယီသံအမတ် တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

အီတလီသည် မြောက်ကိုရီးယားအထက်လွှာများအတွက် ဇိမ်ခံပစ္စည်းများဝယ်ယူရန်  အချက်အချာနေရာ တစ်ခု ဖြစ်သည်။ ရောမအခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည်လည်း မြောက်ကိုရီးယားသို့ ရိက္ခာထောက်ပံ့ရန် မြောက်ကိုရီးယား သံတမန်များနှင့် နှစ်စဉ် ဆွေးနွေးခဲ့ရသည်။