တရုတ်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းမှုများရှိလာခဲ့ပြီးနောက် တရုတ်နိုင်ငံသို့သွားရောက်သည့် အမေရိကန်နိုင်ငံသားများအနေဖြင့် အထူးသတိထားသွားလာနေထိုင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ကနေဒါနိုင်ငံသားနှစ်ဦး တရုတ်တွင် အဖမ်းခံခဲ့ရပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေးယိုယွင်းလာနေပြီး လွန်ခဲ့သောလတွင် သံတမန်ဟောင်း မိုက်ကယ် ကိုဗ်ရစ်နှင့် စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်စပါဗာတို့ အဖမ်းခံခဲ့ရသည်။ ကနေဒါနိုင်ငံသားနှစ်ဦးသည် တရုတ်အမျိုးသားလုံခြုံရေးကိုထိပါးစေခဲ့ကြောင်း စွပ်စွဲခံထားရသည်။
၎င်းတို့နှစ်ဦးသည် ဥပဒေချိုးဖောက်ခဲ့ကြောင်း တရုတ်ဥပဒေချုပ်က ဇန်နဝါရီ ၃ ရက်တွင်ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသားသုံးဦးသည်လည်း စီးပွားရေးအရ ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး နိုင်ငံတွင်းမှ ထွက်ခွာခွင့်ပိတ်ပင်ခံထားရသည်။ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သားသမီးများဖြစ်သည့် ဗစ်တာနှင့် စင်သီယာလျူ၊ ၎င်းတို့၏မိခင် ဆန်ဒရာတို့သည် ဇွန်ကတည်းက ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင်း နိုင်ငံခြားသားများအား ပြည်ပသို့ထွက်ခွာခွင့်ပိတ်ပင်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတိပေးချက်တွင်ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံသားခံယူထားသူများသည်လည်း အထူးကန့်သတ်ချက်များကြုံနေရကြောင်း သတိပေးချက်တွင်ရေးသားထားသည်။ တရုတ်ဥပဒေများအရ နှစ်နိုင်ငံသားခံယူခွင့်မရှိချေ။ နှစ်နိုင်ငံသားခံယူထားသူများ အဖမ်းခံရနိုင်ခြေရှိပြီး တရုတ်တွင် အမေရိကန်ကောင်စစ်ဝန်၏အကူအညီရရှိနိုင်ခြေနည်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။
ဒီဇင်ဘာ ၁ ရက်မှစ၍ တရုတ်၌ ကနေဒါနိုင်ငံသား ၁၃ ဦး ထိန်းသိမ်းခံထားရကြောင်း ကနေဒါ၏သံတမန်ရေးနှင့် ကောင်စစ်ဝန်ဆိုင်ရာဆက်ဆံရေးတို့ကိုတာဝန်ယူထားသည့် ကနေဒါကမ္ဘာလုံးဆိုင်ရာအရေးဌာနက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

















