အကြောင်းအရင်း မသိရှိရဘဲ သေဆုံးရသည့် အသက် ၂၁ နှစ်အရွယ် ကျောင်းသားအား အောက်မေ့သည့်အနေဖြင့် ဘော့စနီးယားသားဒါဇင်ပေါင်းများစွာသည် လူစုလူဝေးမပြုမရဟု ပိတ်ပင်ထားခြင်းကို ဆန့်ကျင်ပြီး ဇန်နဝါရီ ၃ ရက်အနှောင်းပိုင်းတွင် ဖယောင်းတိုင်များထွန်းညှိကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဘော့စနီးယားဆာ့ဘ်မြို့ဖြစ်သည့် ဘန်ယာလူကာရှိ အော်သိုဒေါက်စ်ဘုရားကျောင်းအပြင်ဘက်တွင် စုဝေးပြီး ဖယောင်းတိုင်ထွန်းညှိကာ အောက်မေ့ကြောင်း ပြသခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးကို ရဲတပ်ဖွဲ့ဝင်များက အသာတကြည်စောင့်ကြည့်ခဲ့ကြသည်။
သေဆုံးသူကျောင်းသား၏ဖခင် ဒါဗာ ဒရာဂီချီဗစ်ကို ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
သားဖြစ်သူ ဒေးဗစ်သေဆုံးမှု၏အကြောင်းအရင်းကို ဖော်ထုတ်ပေးရန် ဒရာဂီချီဗစ်က တောင်းဆိုရာမှ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများအထိ ဖြစ်ပွားခဲ့သည်။
အထူးခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခြင်းမပြုရန် ရဲတပ်ဖွဲ့က ညွှန်ကြားချက်ထုတ်ထားသည်။ ဒီဇင်ဘာ ၃၀ ရက်တွင် လူထောင်ပေါင်းများစွာပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားချိန်မှစ၍ ဒရာဂီချီဗစ်ကို မတွေ့ရှိရသေးချေ။
မတ်လတွင် သားဖြစ်သူ သတ်ဖြတ်ခံခဲ့ရသည့် နေရာသို့ ဒရာဂီချီဗစ်သည် ဆန္ဒပြသူများကို ခေါ်ဆောင်သွားခဲ့သည်။ ဒီဇင်ဘာ ၂၅ ရက်တွင် ဒရာဂီချီဗစ်အား ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံမှုများရှိခဲ့သော်လည်း ဒီဇင်ဘာ ၂၆ ရက် ဆန္ဒပြမှုများတွင်မူ ထိပ်တိုက်ဆုံမှုများမရှိခဲ့ချေ။
ဒီဇင်ဘာ ၂၄ ရက် ဆန္ဒပြမှုတွင်မူ အတိုက်အခံနိုင်ငံရေးသမားများနှင့် ဒရာဂီချီဗစ်၏ဇနီးဟောင်းအပါအဝင် လူများစွာ အဖမ်းခံခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ်သားဖြစ်သူသေဆုံးမှုအတွက် အမှန်တရားရှာဖွေပေးရန် ဒရာဂီချီဗစ်သည် ဒေးဗစ်အတွက် တရားမျှတမှု ဆိုသည့်အမည်ဖြင့် လှုပ်ရှားမှုပြုလုပ်နေခြင်းဖြစ်သည်။
ဒရာဂီချီဗစ်၏သားဖြစ်သူသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သော်လည်း သေဆုံးသူ၏မိသားစုဝင်များကမူ တစ်စုံတစ်ဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















