ရက်သတ္တပတ်သုံးပတ်အတွင်း ဝင်လာပြီဖြစ်သည့် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှုကို လချီ သို့မဟုတ် နှစ်ချီသည့်တိုင် ရင်ဆိုင်ရန်အသင့်ပြင်ထားကြောင်း၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ခွင့်ပြုချက်မယူဘဲ မက္ကဆီကိုနယ်စပ်၌ နယ်စပ်တံတိုင်းတည်ဆောက်နိုင်ကြောင်းလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။
အသစ်ပြန်စသည့် အောက်လွှတ်တော်ကို ဒီမိုကရက်တစ်တို့ ထိန်းချုပ်လိုက်နိုင်ပြီးနောက် ရီပတ်ဘလီကန် သမ္မတ ထရမ့်နှင့် ဒီမိုကရက်တို့အကြား ဘတ်ဂျက်အရေးအငြင်းပွားမှုမြင့်တက်လာကာ ဇန်နဝါရီ ၄ ရက်၌ ထရမ့်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒီမိုကရက်တို့က နယ်စပ်တံတိုင်းရန်ပုံငွေမပါဝင်သည့် ဘတ်ဂျက်မူကြမ်းကို တင်သွင်းခဲ့ပြီး ထရမ့်က လက်မှတ်ထိုးမည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။
ဘတ်ဂျက်အတည်ပြုချက်မရ၍ အစိုးရဝန်ထမ်း ၈၀ဝ၀ဝ၀ ခန့်သည် ဒီဇင်ဘာ ၂၂ ရက်မှစ၍ လစာမရရှိသေးချေ။ ဇန်နဝါရီ ၄ ရက်က အိမ်ဖြူတော်တွင် ဒီမိုကရက်တို့နှင့် ဆွေးနွေးခြင်းမပြုမီ ထရမ့်က အကောင်းမြင်ခဲ့သော်လည်းဆွေးနွေးမှု အပြီးတွင် လိုအပ်ပါကအစိုးရအေဂျင်စီများ နှစ်ချီရပ်တန့်ထားနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ပြီး ၅ ရက်၌ ဆက်လက်ဆွေးနွေးရန်လည်း စီစဉ်ခဲ့သည်။
အောက်လွှတ်တော်ဥက္ကဌ နန်စီပဲလိုစီကလည်း ဇန်နဝါရီ ၄ ရက်ဆွေးနွေးမှုသည် လက်သင့်ခံနိုင်စရာမရှိဟု ပြောဆိုခဲ့သည်။
အစိုးရအေဂျင်စီများ ပြန်လည်ဖွင့်လှစ်ရန် ဘတ်ဂျက်ကိုသဘောတူရန်လိုကြောင်း ထရမ့်ကို ပြောဆိုခဲ့သော်လည်း ထရမ့်က လက်မခံခဲ့ဟု အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ချပ်ရှူးမားက ပြောဆိုခဲ့သည်။
အောက်လွှတ်တော်မှ ဒီမိုကရက်တိို့ အဆိုပြုဘတ်ဂျက်ထဲတွင် နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ပါဝင်ပြီး တံတိုင်းတည်ဆောက်ရန် မပါဝင်ချေ။
သမ္မတထရမ့်နှင့် ရီပတ်ဘလီကန်တို့က နယ်စပ်တံတိုင်းအတွက် ဒေါ်လာ ၅ ဘီလျံပါဝင်သည့် ဘတ်ဂျက်ကိုအတည်ပြုရန် ဒီဇင်ဘာလကတည်း က ကြိုးပမ်းခဲ့ပြီးအထက်လွှတ်တော်တွင်ပင် လိုအပ်သည့်မဲအရေအတွက် မရရှိခဲ့ချေ။
ထို့ပြင် အမေရိကန်သို့ တရားမဝင် ဝင်ရောက်ခဲ့သည့်မိဘများနှင့်ပါရှိလာပြီး အမေရိကန်တွင် ကြီးပြင်းလာသူများ အရေးတွင်လည်း ထရမ့်အစိုးရနှင့် ဒီမိုကရက်များ အပြီးသတ် ညှိနှိုင်းမရသေးချေ။
ယင်းအချက်များကြောင့် ဘတ်ဂျက်သဘောတူညီမှု မရသဖြင့် အစိုးရဌာန ၂၅ ရာခိုင်နှုန်း ရန်ပုံငွေမရရှိဘဲ ယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်ထားရသည့် အခြေအနေ ရောက်ရှိနေရခြင်းဖြစ်သည်။

















