ရုရှား၌ သူလျှိုမှုဖြင့် ဖမ်းဆီးခံ အမေရိကန်စစ်သည်ဟောင်း နှစ်များစွာအတွင်း ရုရှားအဆက်အသွယ်များစွာစုဆောင်းခဲ့

ရုရှား၌ သူလျှိုမှုဖြင့် ဖမ်းဆီးခံ အမေရိကန်စစ်သည်ဟောင်း နှစ်များစွာအတွင်း ရုရှားအဆက်အသွယ်များစွာစုဆောင်းခဲ့

ရုရှား၌ သူလျှိုမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် အမေရိကန်ကမ်းတက်တပ်သားဟောင်း ပေါလ်ဝဲလန်သည် နှစ်များစွာအတွင်း အွန်လိုင်းနှင့်ပြင်ပဘဝတို့၌ ရုရှားမိတ်ဆွေနှင့် အဆက်အသွယ်များစွာ စုဆောင်းခဲ့ကြောင်း အေပီသတင်းဌာနက ထုတ်ဖော်ခဲ့သည်။

အမေရိကန်ကုမ္ပဏီလုံခြုံရေးကျွမ်းကျင်သူတစ်ဦးအဖြစ် အမှုထမ်းလျက်နှင့် ဝဲလန်သည် ရုရှားနိုင်ငံတစ်ဝန်းမှ ပြည်သူများနှင့် မိတ်ဖွဲ့ခြင်း၊ လူမှုကွန်ရက်များတွင်လည်း အလားတူအသိုင်းအဝိုင်းချဲ့ထွင်ခြင်း ပြုလုပ်ခဲ့သည်။ 
၄င်းမိတ်ဖွဲ့ခဲ့သူ အများစုသည် အမျိုးသားများဖြစ်ကြကာ ရုရှားစစ်ဘက်နှင့် တစ်နည်းမဟုတ်တစ်နည်း အဆက်အသွယ်ရှိသူများ ဖြစ်ကြောင်းလည်း ဆိုသည်။
ဝဲလန်သည် ရည်မွန်ပြီးပညာတတ်ကာ ဆက်ဆံရေးကောင်းမွန်သူဖြစ်ကြောင်း ၄င်း၏ရုရှားအဆက်အသွယ်တစ်ဦးက အေပီသို့ ပြောကြားခဲ့ပြီး လုံခြုံရေးအရထိုသူ့အမည်ကို ပြောဆိုခဲ့ခြင်းမရှိပေ။ 
ဝဲလန်သည် ရုရှား၌ နှစ်ပတ်ကြာလည်ပတ်ရန် ရောက်ရှိနေစဉ် ဒီဇင်ဘာ ၂၈ ရက်ကအဖမ်းခံခဲ့ရသည်။ ဝဲလန်၏မိသားစုက ၄င်းသည် မိတ်ဆွေဟောင်းတစ်ဦး၏ မင်္ဂလာပွဲတက်ရန် ရုရှားသို့သွားခြင်းသာဖြစ်ပြီး သူလျှိုမဟုတ်ကြောင်း၊ ၄င်းလွတ်မြောက်ရေး ရုရှားကို ဖိအားပေးစေလိုကြောင်း အမေရိကန် အစိုးရကိုတောင်းဆိုခဲ့သည်။
ဝဲလန်သည် ကနေဒါတွင် ဗြိတိသျှမိဘများမှမွေးဖွားခဲ့ပြီး အမေရိကန်တွင် ကြီးပြင်းလာခြင်းကြောင့် အမေရိကန် နိုင်ငံသားသာမက ဗြိတိန်၊ ကနေဒါနှင့် အိုင်ယာလန်နိုင်ငံသားအဖြစ်လည်း ခံယူထားသည်။ 
၄င်းသည် ၂၀ဝ၇ ခုနှစ်က ကမ်းတက်တပ်သားဘဝ အီရတ်တွင်တာဝန်ကျစဉ် ခွင့် ၁၅ ရက်အတွင်း ရုရှားသို့ စတင်သွားရောက်ခဲ့ဖူးသည်။
ယင်းမှစ၍ ရုရှားနိုင်ငံနှင့် ယဉ်ကျေးမှုကို ဝဲလန်စိတ်ဝင်စားပုံရခဲ့ပြီး အဆက်အသွယ်ဟု အဓိပ္ပာယ်ရသည့် ရုရှားနာမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုဖွင့်လှစ်ခဲ့ကာ မိတ်ဆွေများစုဆောင်းခဲ့ကြောင်း၊ မိတ်ဆွေ ၅၈ ဦးအနက် ၅၄ ဦးသည် အမျိုးသားများဖြစ်ကာစစ်ဘက်၊ မြို့ပြလေကြောင်းနှင့် နည်းပညာနယ်ပယ်မှဖြစ်ကြကြောင်း၊ အားကစားနှင့် သေနတ်ပစ် ဝါသနာပါသူများလည်း ဖြစ်ကြကြောင်း သိရသည်။
အသေးစိတ်ထုတ်ပြန်ခြင်းမပြုသော်လည်း ရုရှားအာဏာပိုင်တို့က ဝီလန်အပေါ် သူလျှိုမှုဖြင့် စွဲချက်တင်ထားပြီး ပြစ်မှု ထင်ရှားစီရင်ခံရပါကထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည်။