ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာမည်ကျော် ဆုကီဂျီငါးဈေးကို နေရာသစ်သို့ရွှေ့ပြောင်းပြီးနောက် ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သော လေလံပွဲတွင် အလေးချိန် ၆၁၂ ပေါင်( ၂၇၈ ကီလိုဂရမ်) ရှိသော ဘလူးဖင်တူနာငါးတစ်ကောင်သည် ယန်း ၃၃၃ဒသမ ၆ သန်း( ဒေါ်လာ သုံးသန်း) ဖြင့် စံချိန်တင် အရောင်းထွက်ခဲ့သည်။
ကီယိုမူရာကော်ပိုရေးရှင်းက လေလံအောင်ခဲ့ခြင်းဖြစ်သည်။ ကော်ပိုရေးရှင်းကို ဆူရှီဇန်မိုင်စားသောက်ဆိုင်လုပ်ငန်းစုကိုစီမံနေသည့် ကီယိုရှီ ကီမူရာက ပိုင်ဆိုင်ခြင်းဖြစ်သည်။ ကီမူရာသည် နှစ်စဉ်ပြုလုပ်နေကျ လေလံပွဲများတွင် ဈေးအမြင့်ဆုံးပေးဝယ်ယူမှုများကိုပြုလုပ်ခဲ့ပြီးဖြစ်သည်။
ယခုနှစ်တွင် တူနာငါးဈေးမြင့်တက်မှုကြောင့် အံ့သြမိသော်လည်း ဝယ်ယူရရှိသည့် ငါး၏အရည်အသွေးမှာမူ အကောင်းဆုံးဖြစ်ကြောင်း ကီမူရာက နိုင်ငံပိုင်ရုပ်သံဌာန အင်န်အိပ်ချ်ကေသို့ပြောဆိုခဲ့သည်။
ဘလူးဖင်တူနာငါးများ၏ လေလံဈေးသည် သာမန်ဈေးထက် ပိုမိုများပြားလေ့ရှိသည်။ အလေးချိန်တစ်ပေါင်ရှိ တူနာငါးတစ်ကောင်လျှင် ပုံမှန်အားဖြင့် ဒေါ်လာ ၄၀ အထိ ဈေးပေါက်သော်လည်း နှစ်ကုန်ခါနီးတွင် တစ်ပေါင်လျှင် ဒေါ်လာ ၂၀ဝ အထိဈေးမြင့်တက်သွားလေ့ရှိသည်။
ဆူကီဂျီငါးဈေးကို တိုကျိုပင်လယ်အော်ရှိ ဓာတ်ငွေ့စက်ရုံဟောင်းနေရာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်သည်။ မြေထုညစ်ညမ်းမှုများရှိနေသည့်အတွက် နေရာသစ်၏လုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေခဲ့သည်။ တော်ပီဒိုပုံစံ ဘလူးဖင်တူနာငါးကို စားသုံးမှုအများဆုံးရှိသူများတွင် ဂျပန်နိ်ုင်ငံသားများ ထိပ်ဆုံးကပါဝင်နေပြီး စားသုံးမှုမြင့်မားခြင်းကြောင့် အလွန်အကျွံဖမ်းဆီးမှုများရှိလာခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာသက်တမ်းရှိနေပြီဖြစ်သည့် ဆူကီဂျီငါးဈေးသည် ကမ္ဘာ့အကြီးဆုံးငါးဈေးဖြစ်ခဲ့သည်။ ငါးဈေးသစ်ကို အောက်တိုဘာတွင် ဖွင့်လှစ်ခဲ့သည်။
ဆူကီဂျီတွင် လုပ်ငန်းအနည်းငယ်သာဖွင့်လှစ်ထားဆဲဖြစ်သော်လည်း လက်ကားနှင့် အခြားစီးပွားရေးလုပ်ငန်း ၅၀ဝ ကျော်အနက် အများစုသည် တိုယိုဆုရှိ ငါးဈေးသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်သည်။

















