မက္ကဆီကိုသမ္မတသစ် အန်ဒရေစ် မယ်နူယယ် လိုပက်ဇ် အော်ဘရာဒေါသည် ပိုင်ဆိုင်မှုစာရင်းကိုထုတ်ပြန်ခဲ့ပြီး ယင်းတွင် ငွေကြေးအနည်းငယ်ပိုင်ဆိုင်ကြောင်းဖော်ပြထားကာ ဇနီးဖြစ်သူက ၎င်းထက် ဝင်ငွေပိုကောင်းကြောင်း ပြောဆိုခဲ့သည်။
လိုပက်ဇ် အော်ဘရာဒေါသည် ဒီဇင်ဘာ ၁ ရက်တွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတအဖြစ်နှစ်စဉ်ဝင်ငွေကို ဒေါ်လာ ၆၅၀ဝ၀ အထိ လျှော့ချခဲ့သည်။
နာမည်ကျော်စာရေးဆရာမဖြစ်သလို ပညာရှင်လည်းဖြစ်သည့် ဇနီးဖြစ်သူ ဘီးထရစ် ဂူတာရက်ဇ်မှာမူ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၂၀ဝ၀ အထိရရှိနေသည်။
ကျွန်တော် ငွေကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး၊ စံနှုန်းတွေအတွက်ပဲ တိုက်ပွဲဝင်ခဲ့တာ ဟု လိုပက်ဇ် အော်ဘရောဒေါက ဇန်နဝါရီ ၄ ရက်တွင်ပြောဆိုခဲ့သည်။
အကြွေးဝယ်ကတ်ပင်မရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။ သမ္မတ၏ဘဏ်ငွေစာရင်းထဲတွင် ဒေါ်လာ ၂၃၀ဝ၀ဝ ခန့်ရှိနေပြီး ဇနီးဖြစ်သူ ဂူတာရက်ဇ်၏ဘဏ်ငွေစာရင်းထဲတွင် ယင်းထက် သုံးဆရှိနေသည်။
ဂူတာရက်ဇ်၌ ဒေါ်လာ ၂၅၀ဝ၀ဝ တန်ဖိုးရှိ ပိုင်ဆိုင်မှုများရှိနေကြောင်း အာဏာပိုင်များထံသို့တင်ပြသည့် ပိုင်ဆိုင်မှုစာရင်းတွင်ဖော်ပြထားသည်။
လိုပက်ဇ် အော်ဘရာဒေါသည် နိုင်ငံတောင်ပိုင်း ချီယာပါပြည်နယ်၌ မိဘများထံမှ အမွေရရှိသည့် သုံးဧကကျယ်သော ခြံဝင်းတစ်ခုရှိနေသည်။ ယင်းခြံဝင်းပိုင်ဆိုင်မှုကို သားလေးဦးအား သမ္မတက လွှဲပြောင်းပေးခဲ့ပြီး ဆက်လက်နေထိုင်ခွင့်ကိုမူ ထိန်းသိမ်းထားဆဲဖြစ်သည်။
၎င်း၏ဝန်ကြီးအဖွဲ့သည်လည်း အလားတူထုတ်ပြန်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း လိုပက်ဇ်အော်ဘရာဒေါကပြောဆိုခဲ့သည်။ ဆင်းရဲချမ်းသာသော ပြည်သူများနှင့်အတူ ယှဉ်တွဲနေထိုင်သည့် ချမ်းသာသောအစိုးရမရှိစေရဟု သမ္မတက ကြွေးကြော်ထားသည်။
လိုပက်ဇ် အော်ဘရာဒေါ၏ခြွေတာရေးအစိုးရမူဝါဒကို ဆန့်ကျင်မှုများလည်းရှိနေသည်။ အစိုးရဝန်ထမ်းတချို့ ၎င်းထက်ပိုပြီး ဝင်ငွေမကောင်းစေရဟု လိုပက်ဇ် အော်ဘရာဒေါက မူဝါဒချမှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် တရားလွှတ်တော်ချုပ်အား မက္ကဆီကိုဗဟိုဘဏ်က ဇန်နဝါရီ ၃ ရက်တွင်တောင်းဆိုခဲ့သည်။

















