မတူကွဲပြားသော လိင်တိမ်းညွှတ်မှုရှိသူများကိုဝေဖန်သည့်အတွက် ဂျပန်အမတ်တစ်ဦး ပြစ်တင်ခံရ

မတူကွဲပြားသော လိင်တိမ်းညွှတ်မှုရှိသူများကိုဝေဖန်သည့်အတွက် ဂျပန်အမတ်တစ်ဦး ပြစ်တင်ခံရ

မတူကွဲပြားသော လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုရှိနေသူများချည်းသာရှိနေပါက နိုင်ငံတစ်နိုင်ငံ ပြိုလဲပျက်စီးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့် ဂျပန်လွှတ်တော်အမတ်တစ်ဦး ဝေဖန်ပြစ်တင်မှုများနှင့်ကြုံနေရပြီဖြစ်သည်။

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ ဝါရင့်လွှတ်တော်အမတ် ကတ်ဆူအေး ဟီရာဆာဝါက ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်း( LGBT) များနှင့်ပတ်သက်၍ ပြောဆိုခဲ့သည့် မှတ်ချက်စကားကို နစ်ပွန်သတင်းကွန်ရက်က ဇန်နဝါရီ ၄ ရက်တွင်ဖော်ပြခဲ့သည်။ ဟီရာဆာဝါ၏ပြောဆိုမှုနှင့်ပတ်သက်၍ လူမှုမီဒီယာတွင် ဝေဖန်ပြောဆိုမှုများရှိနေပြီဖြစ်သည်။
    LGBT များကိုဝေဖန်ပါက ပြဿနာပေါ်ပေါက်လာမည်ဖြစ်သော်လည်း လူတိုင်း LGBT ဖြစ်သွားပါက နိုင်ငံတစ်နိုင်ငံ ပြိုလဲသွားမည်ဖြစ်ကြောင်း ဟီရာဆာဝါက ဂျပန်နိုင်ငံအလယ်ပိုင်း ယာမာနာရှီစီရင်စု၌ ဇန်နဝါရီ ၃ ရက် လူထုတွေ့ဆုံမှုတစ်ခုအတွင်းပြောဆိုခဲ့သည်။

တိုကျိုရှိ ရှီဘူယာရပ်ကွက်နှင့်အခြားဒေသတချို့က လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုရန် လုပ်ဆောင်နေခြင်းကိုလည်း နားမလည်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ 
လိင်တူလက်ထပ်မှုကို ဂျပန်တစ်နိုင်ငံလုံးတွင် အသိအမှတ်ပြုခြင်းမရှိသေးချေ။
    အခြားဂျပန်နိုင်ငံရေးသမားများကဲ့သို့ ဟီရာဆာဝါသည် ကလေးပြုစုထိန်းသိမ်းစောင့်ရှောက်မှုဌာနများ လုံလောက်စွာမရှိခြင်း၊ အိမ်ထောင်ရှိ၊ကလေးရှိသော်လည်း အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများအပေါ် အားပေးကူညီမှုမရှိခြင်းတို့ကြောင့် အမျိုးသမီးများ ကလေးမယူဘဲနေထိုင်နေသဖြင့် ကလေးမွေးဖွားမှုနှုန်းကျဆင်းနေခြင်းကို ဝေဖန်ပြောဆိုခဲ့သည်။
    လိင်တူစုံတွဲများသည် ကလေးမွေးဖွားနိုင်ခြင်းမရှိသောကြောင့် အစိုးရသည် LGBT အခွင့်အရေးအတွက် အခွန်ဆောင်ပြည်သူများ၏ ငွေကိုမသုံးသင့်ကြောင်း အာဏာရပါတီမှ အမတ် မီယို ဆူဂီတာကလည်း ယမန်နှစ်တွင်ပြောဆိုခဲ့ဖူးရာ အလားတူဝေဖန်ပြစ်တင်မှုများနှင့်ကြုံခဲ့ရသည်။

လူထောင်ပေါင်းများစွာသည် ဆူဂီတာ၏ပြောဆိုမှုကိုဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အာဏာရပါတီရုံးချုပ်ရှေ့တွင် ချီတက်ဆန္ဒပြခဲ့သည်။