ဗြိတိန်ရှိ ကုမ္ပဏီများရှိ အမှုဆောင်အရာရှိချုပ်များ၏ ၂၀၁၉ ခုနှစ် ပထမဆုံးသုံးရက်အတွင်း ဝင်ငွေသည် သာမန်ကုမ္ပဏီဝန်ထမ်းတစ်ဦး၏ တစ်နှစ်လုံးဝင်ငွေထက်ပိုမိုများပြားကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။
လန်ဒန်စတော့အိပ်ချိန်းတွင် မှတ်ပုံတင်ထားသည့် ထိပ်တန်းကုမ္ပဏီ ၁၀ဝ မှ အမှုဆောင်အရာရှိချုပ်တစ်ဦးစီသည် ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ၁၀၂၀ ပေါင်ရရှိနေကြောင်း လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အစည်း စီအိ်ုင်ပီဒီ၏လေ့လာမှုတွင်ဖော်ပြထားသည်။
ကြောင်ဝကြီးသောကြာနေ့ဟု ခေါ်ဆိုသည့်နေ့ရောက်ရှိချိန်တွင် အမှုဆောင်အရာရှိများသည် ဗြိတိန်ရှိ သာမန်ဝန်ထမ်းတစ်ဦး၏နှစ်စဉ်ဝင်ငွေဖြစ်သော ၂၉၅၇၄ ပေါင်ထက် ပိုမိုရရှိနေပြီဖြစ်သည်။
ထိပ်တန်းကုမ္ပဏီ ၁၀ဝ ရှိ အမှုဆောင်အရာရှိတစ်ဦးအတွက် အပိုဆုကြေးအပါအဝင် အလယ်အလတ်နှစ်စဉ်ဝင်ငွေသည် ၂၀၁၇ ခုနှစ်တွင် ပေါင် ၃ ဒသမ ၉၂၆ သန်းရှိခဲ့သည်။
ထိပ်တန်းအရာရှိများသည် တစ်နှစ်လျှင် ၃၂၀ ရက်၊ တစ်ရက်လျှင် ၁၂ နာရီလုပ်ကိုင်ပြီး တစ်နာရီလျှင် ဝင်ငွေ ၁၀၂၀ ပေါင်ရရှိနေကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
အမှုဆောင်အရာရှိများ၏ဝင်ငွေက သာမန်ဝင်ထမ်း၏ဝင်ငွေထက် အဆပေါင်းမရေတွက်နိုင်အောင် ရရှိနေခြင်းသည် ကော်ပိုရေးရှင်းဆိုင်ရာကျင့်ဝတ်၏အားနည်းချက်ဖြစ်ပြီး မျှတသော စီးပွားရေးစနစ်အတွက် အနှောင့်အယှက်ဖြစ်နေကြောင်း သုတေသနပြုရာတွင်ပါဝင်ခဲ့သည့် ဟိုက်ပေးစင်တာ၏ဒါရိုက်တာ လုခ် ဟီဒြက်ကပြောဆိုခဲ့သည်။
ကော်ပိုရေးရှင်းများရှိ ဘုတ်အဖွဲ့သည် အမှုဆောင်အရာရှိများအား အကြောင်းအရင်းခိုင်ခိုင်မာမာမရှိဘဲ ဒေါ်လာသန်းပေါင်းများစွာပေးရန် လိုလားနေသော်လည်း အောက်ခြေဝန်ထမ်းများအတွက် အသုံးစရိတ်ကို တတ်နိုင်သရွေ့လျှော့ချကာ ဖြတ်တောက်မှုများပင်ပြုနေကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဗြိတိန်ရှိ အချိန်ပြည့်လုပ်သားတစ်ဦး၏ အလယ်အလတ်ဝင်ငွေသည် တစ်နှစ်လျှင် ၂၉၅၇၄ ပေါင်ရှိနေကြောင်းအမျိုးသားစာရင်းအင်းဌာန၏မှတ်တမ်းများတွင်ဖော်ပြထားသည်။

















