ဘင်္ဂါလီအကြမ်းဖက်မှုကို ကာကွယ်နေသော နယ်ခြားစောင့်ရဲကင်းစခန်းများကို အေအေလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခြင်းသည် နောက်ကျောကို ဓားဖြင့် ထိုးကာ နိုင်ငံရေးအမြတ်ထုတ်သည့် လုပ်ရပ်ဟု အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးရဲမှူးချုပ်မြင့်တိုးက ပြောသည်။
ဇန်နဝါရီ ၆ရက်က ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့တပ်မတော်ရိပ်သာ မေယုခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ တပ်မတော်ပူးပေါင်းပြီး ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ကာကွယ်ပေးဖို့ ပေါင်းစပ်ပြီး ဆောင်ရွက်နေတာရှိပါတယ်၊ဒါကလည်းပဲ တစ်ဖက်က အာဆာ အကြမ်းဖက်အဖွဲ့က ထိုးဝင်ပြီးတော့ မိမိတို့ ရခိုင်ပြည်နယ်ကို နှောက်ယှက်လာနိုင်လို့ ဦးတည်ဆောင်ရွက်တဲ့ အခါမှာ အေအေ သောင်းကျန်းသူအဖွဲ့က အကွက်ကျကျစီစဉ်ပြီးတော့ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်မှု မရှိအောင်ပျက်ပြားအောင် ဒါနောက်ကျောကနေ ဓားနဲ့ ထိုးတဲ့ သဘောလို့ မြင်ပါတယ်။ ဒါသည် လုပ်သင့်သလားဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ တပ်မတော်စစ်ကြောင်းတွေ အခြားတာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ အကွက်ကျကျ ကျွန်တော်တို့ နယ်ခြားစောင့် တပ်ဖွဲ့တွေပဲ ရှိတဲ့ အချိန်မှာ အင်အားသုံးတိုက်ခိုက်တာဖြစ်ပါတယ်။ ဒါနိုင်ငံရေးအမြတ်ထုတ်တာပဲ"ဟု ၄င်းက ဆိုသည်။
အေအေအဖွဲ့သည့် ယခုတိုက်ခိုက်ခြင်းက သီးခြားအစီအစဉ်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်နှင့် အေအေတိုက်ပွဲများဖြစ်ချိန်၌ ယခုတိုက်ခိုက်ခံရသည့် ရဲကင်းစခန်းများမှာ လက်နက်ကြီးများဖြင့် တပ်မတော်မှ လာရောက်၍ အေအေဘက်သို့ ပစ်ခတ်ခြင်းများ မရှိကြောင်း၊ ယခုတိုက်ပွဲဖြစ်မှသာ စစ်ကူပစ်ကူပေးခြင်းဖြစ်ကြောင်း၊ ငမြင်းဘော်စခန်းအား နယ်ခြားစောင့်တပ်စစ်ကြောင်းမှူးဦးစီးပြီးသွားရောက်စစ်ကူပစ်ကူရှင်းလင်းခဲ့ခြင်းဖြစ်ပြီးကျောက်တောင်ရဲ ကင်းစခန်းအား တပ်မတော်က စစ်ကူပစ်ကူသွားရောက်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်မြင့်တိုးက ပြောသည်။
"အေအေအပြင်အခြားအဖွဲ့တွေ ပါနိုင်လားလို့တော့ အတိအကျ ပြောလို့ မရဘူး။ အဓိကကတော့ အေအေပါပဲ၊ကျွန်တော်တို့ နယ်ခြားစောင့်တပ်ဖွဲ့တွေက အဓိက ခြံစည်းရိုးကို စောင့်ရှောက်ရတဲ့ သဘောပါ၊ခိုးဝင်၊ခိုးထွက် မရှိဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက်နိုင်အောင် ကျွန်တော်တို့ ကာကွယ်တားဆီးတာဖြစ်ပါတယ်။ဖြစ်တဲ့ အခါမှာ ကျွန်တော်တို့ အာဆာအကြမ်းဖက်အဖွဲ့ နောက်တစ်ကြိမ်မလာနိုင်အောင် အဓိက ဆောင်ရွက်တာဖြစ်ပါတယ်" ဟု ၄င်းကဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်၊မောင်တောဒေသ၊ဘူးသီးတောင်ဒေသ တည်ငြိမ်းအေးချမ်းရန်၊လုံခြုံရေးနှင့်ကာကွယ်ရန် မိမိတို့၌ တာဝန်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်နေချိန်တွင် အေအေသည် အခွင့်ကောင်းယူကာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းသာယာရေးအား အကွက်ကျကျဖျက်ဆီးသည်ဟု ယူဆကြောင်း၊ ယင်းသို့ ဆက်လက်မဖြစ်စေရန် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
















