မော်တော်ယာဉ် မီးသီးများကို တူဖြင့်ရိုက်ခွဲသူက ပြန်ခုခံသောကြောင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီး

မော်တော်ယာဉ် မီးသီးများကို တူဖြင့်ရိုက်ခွဲသူက ပြန်ခုခံသောကြောင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ်တွင် အရက်မူးပြီးနေအိမ်မှ မော်တော်ယာဉ် မီးသီးများကို တူဖြင့်ရိုက်ခွဲသူကို သက်ဆိုင်ရာက ထိန်းသိမ်းစဉ် ပြန်လည်ခုခံခဲ့သောကြောင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့မှု ဇန်နဝါရီ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၄ နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာနေ ဦးအောင်မျိုး နေအိမ်၌ရှိနေစဉ် တစ်ခြံတည်းနေ မယားညီအစ်ကိုဖြစ်သူ ချစ်သိန်း (၄၇) နှစ်သည် အရက်မူး၍ နေအိမ်သံဘာဂျာတံခါးကို သွပ်နန်းကြိုးဖြင့် ပိတ်ချည်ကာ ဦးအောင်မျိုးပိုင်ဆိုင်သည့် မော်တော်ယာဉ် တစ်စီး၏ ရှေ့/ နောက်မီးသီးများ၊ ဆိုင်ကယ်တစ်စီး၏ ရှေ့မီးသီး/ဒိုင်ခွက်/ကာဘာတို့အား တူဖြင့် ရိုက်ခွဲဖျက်ဆီးနေသောကြောင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တို့က သွားရောက်ထိန်းသိမ်းခဲ့သည်။ 
ထိုသို့ ထိန်းသိမ်းစဉ် ချစ်သိန်းက ဆဲဆိုပြီး အရိုးအသွားနှစ်ပေခန့်ရှိ ဝါးရိုးတပ်ဓားမဖြင့် ရဲတပ်သား ထွန်းလင်းဦးကို ပြေးဝင်ခုတ်ရာ ရဲတပ်ကြပ်ကျော်သက်ဝင်းက ၁၂ ဗို့ သေနတ်ဖြင့် သတိပေး ပစ်ခတ်ဖမ်းဆီးခဲ့သည်။ 
သေနတ်နှင့် ပစ်ခတ်ရာ ချစ်သိန်းတွင် ဝဲပုခုံးညှပ်ရိုးအောက် ပေါက်ပြဲ ဒဏ်ရာလေးချက်ရရှိသဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ထောက်ကြန့်နယ်မြေရဲစခန်းက(ပ)၈/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၄၂၇ နှင့် (ပ)၉/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၇ တို့အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။