ပိုလန်နိုင်ငံမြောက်ပိုင်း၌ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် သော့ခတ်ထားသည့် အခန်းများအတွင်းမှ လွတ်မြောက်အောင်ကြံဆောင်ရသည့် Escape Room ဂိမ်းကို လူငယ်တစ်စု ကစားနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့၍ ဆယ်ကျော်သက်မိန်းကလေးငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ကော့စ်ဇာလင်မြို့တွင် ဇန်နဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သည့် ယင်းမီးလောင်မှုသည် လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းမှု ချွတ်ယွင်းခြင်းနှင့် ဂိမ်းကစားပွဲလုံခြုံရေးစည်းကမ်းချို့တဲ့ခြင်းအပေါ် မီးသတ်တပ်ဖွဲ့က အပြစ်တင်ခဲ့သည်။
ထွက်ပေါက်မဲ့ခြင်းကြောင့် မီးလောင်သေဆုံးသူ မိန်းကလေးငါးဦးမှာ အသက် ၁၅ နှစ်အရွယ်များဖြစ်ကြပြီး ဒဏ်ရာရရှိသူသည် အသက် ၂၅ နှစ်ခန့် အမျိ်ုးသားလူငယ်ဖြစ်သည်။
ယင်းဂိမ်းသည် ပိုလန်ဆယ်ကျော်သက်များအကြား လူကြိုက်များပြီး သော့ပိတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အခန်းတစ်ခန်းအတွင်းမှ သဲလွန်စများရှာဖွေပြီး လွတ်မြောက်အောင်ကြိုးစားရသည့် ကစားနည်းဖြစ်သည်။
Escape Room အတွင်း ဝင်ရောက်ရန် မီးသတ်တပ်ဖွဲ့များပင် အထူးကိရိယာများသုံးစွဲခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ ပြောခွင့်ရ တောမတ်ဇ်ကူဘီအက်ခ်က ပြောဆိုသည်။
နိုင်ငံတစ်ဝန်းရှိ Escape Room ဂိမ်းတည်ရာ ၁၀ဝ၀ ကျော်အား လုံခြုံရေး စစ်ဆေးမှု ပြုရန် ပိုလန်ပြည်ထဲရေးဝန်ကြီးက အမိန့်ပေးလိုက်ပြီဖြစ်သည်။

















