ခုနစ်နှစ်သမီးလူမည်းကလေး အသတ်ခံခဲ့ရမှုအတွက် လူငယ်တစ်ဦး စွဲချက်တင်ခံရ

ခုနစ်နှစ်သမီးလူမည်းကလေး အသတ်ခံခဲ့ရမှုအတွက် လူငယ်တစ်ဦး စွဲချက်တင်ခံရ

အမေရိကန်၌ မိသားစုနှင့်အတူ မော်တော်ကားစီးရင်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် ခုနစ်နှစ်အရွယ် လူမည်းမိန်းကလေးကို သတ်ဖြတ်မှုဖြင့် အသက် ၂၀ အရွယ် အဲရစ်ဘလက် ဂျူနီယာကို တက္ကဆက် အာဏာပိုင်များက စွဲချက်တင်ခဲ့သည်။

ဂျက်ဇ်မင် ဘာနီးစ်သေဆုံးမှုအတွက် ဘလက်ကို စွဲချက်တင်ကြောင်း ဟာရစ်ကျေးလက်ရဲမှူးရုံးက ဇန်နဝါရီ ၆ ရက်စောစောပိုင်းတွင် ကြေညာခြဲ့ခင်း ဖြစ်သည်။ ဂျက်ဇ်မင်မိသားစုသည် အဓိကပစ်မှတ်ဟုတ်ပုံမရကြောင်း၊ မှားယွင်းပစ်ခတ်မိပုံရကြောင်းလည်း ကြေညာချက်တွင် ပါဝင်သည်။
    ဟူစတန်မြို့တွင် ဒီဇင်ဘာ ၃၀ ရက်က မိသားစုနှင့်အတူ ကားစီးနေစဉ် ဘေးချင်းယှဉ်လျက်ကားတစ်စီးထဲမှ သံသယရှိသူက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဂျက်ဇ်မင်သည် ပွဲချင်းပြီးသေဆုံးခဲ့ကာ မိခင်ဖြစ်သူ လာပိုရှာ ဝါရှင်တန်သည် လက်မောင်း၌ ဒဏ်ရာရရှိခဲ့သည်။
    ဘလက်သည် ပစ်ခတ်မှုတစ်စိတ်တစ်ပိုင်းတွင် ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ အမှုကို ဆက်လက် စုံစမ်းနေကြောင်းလည်း သိရသည်။

ဝါရှင်တန်က ပစ်ခတ်မှုသည် လူမျိုးရေးမုန်းတီးမှုကြောင့်ဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကမူ ဘလက်သည် လူဖြူလော လူမည်းလော ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ 
သို့သော် အစောပိုင်းသတင်းများတွင် ပစ်ခတ်မှုအတွက် အနီရောင်ထရပ်ကားတစ်စီးအတွင်းမှ လူဖြူတစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
    ဇန်နဝါရီ ၅ ရက်၌ ရာချီသောလူများသည် ဂျက်ဇ်မင်ပစ်ခတ်ခံခဲ့ရသည့်နေရာအနီး စုဝေးခဲ့ကြပြီး အမှန်တရား ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြသည်။ ခုနစ်နှစ်သမီး ဂျက်ဇ်မင်ပစ်ခတ်ခံရမှုအတွက် သတင်းပေးနိုင်သူကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ဝ၀ဝ၀ ချီးမြှင့်မည်ဟု ကြေညာထားခဲ့သည်။