ရာဇဝတ်အကြမ်းဖက်မှုများလျော့ပါးရန် ရဲအင်အား ၃၀ဝ ဘရာဇီးမြောက်ပိုင်းမြို့၌ တပ်ဖြန့်ရန် ညွှန်ကြားခဲ့ရ

ရာဇဝတ်အကြမ်းဖက်မှုများလျော့ပါးရန် ရဲအင်အား ၃၀ဝ ဘရာဇီးမြောက်ပိုင်းမြို့၌ တပ်ဖြန့်ရန် ညွှန်ကြားခဲ့ရ

ဘရာဇီးမြောက်ပိုင်းမြို့ ဖောတာလီဇာ၌ ရာဇဝတ်အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေခြင်းကို ထိန်းချုပ်ရန် အစိုးရသစ်က အင်အား ၃၀ဝ ပါ ရဲတပ်ဖွဲ့တစ်ခုကို စေလွှတ်ရန် အထူးညွှန်ကြားခဲ့ရသည်။

ဆီရာပြည်နယ်မြို့တော်ဖြစ်သည့် ဖောတာလီဇာ၌ ဈေးဆိုင်များ၊ ဘဏ်များနှင့် ဘတ်စ်ကားများ ပုံမှန်တိုက်ခိုက်ခံနေရခြင်းကို လက်နက်ကိုင်ရဲများက ကာကွယ်ပေးမည်ဖြစ်သည်။ ယခုအပတ်အတွင်း ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများ၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖောတာလီတွင် လူ ၅၀ ခန့် ဖမ်းဆီးခဲ့ရသည်။

ဒေသဆိုင်ရာ အကျဉ်းထောင်များအား ပိုမိုတင်းကျပ်စွာအုပ်ချုပ်ခဲ့ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အကျဉ်းထောင်များသည် ရာဇဝတ်ဂိုဏ်းများ၏ ထိန်းချုပ်ခြင်းခံနေရသည်။
    ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကတိပေးခဲ့သည့် ဘိုလ်ဆွန်နရို သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း တရားရေးဝန်ကြီးဆာဂီယိုမော်ရိုက ရဲအထူးတပ်များစေလွှတ်မိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 
ဘရာဇီးတွင် အကျဉ်းကျနေသူ စုစုပေါင်း ခုနစ်သိန်းကျော်ရှိရာ ကမ္ဘာပေါ်တွင် အမေရိကန်နှင့် တရုတ်နောက်တွင် တတိယမြောက် အကျဉ်းသားဦးရေအများဆုံးနိုင်ငံဖြစ်သည်။
    အသက် ၆၃ နှစ်ရှိ ဘိုလ်ဆွန်နရို သမ္မတဖြစ်လာပြီးနောက် လူမျိုးရေးခွဲခြားမှုများ၊ အမုန်းတရားများနှင့် အကြမ်းဖက်မှုများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်နေကြသည်။ 
၄င်းသည် စစ်ဘက်တွင် ဗိုလ်ကြီးအဖြစ် အမှုထမ်းခဲ့ဖူးပြီး သမ္မတအဖြစ် ကျမ်းကျိန်ပွဲတွင် ဘိုလ်ဆွန်နရိုက စစ်ဘက်နှင့် ရဲဘက်ကိုထောက်ပံ့ရန် ကတိပြုခဲ့သည်။ 
သေနတ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍လည်း ဘိုလ်ဆွန်နရိုက ရာဇဝတ်မှုမှတ်တမ်း မရှိသူ နိုင်ငံသားများ သေနတ်ကိုင်ဆောင်ခွင့်ပြုမည့် အမိန့်ဒီဂရီတစ်ခု ထုတ်ပြန်ရန်ရှိကြောင်း ပြောဆိုခဲ့သည်။