မာကယ်အပါအဝင် နိုင်ငံရေးသမားများ၏ဒေတာများပေါက်ကြားစေသည့် ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဂျာမနီဆိုက်ဘာလုံခြုံရေးဌာနခုခံပြောဆို

မာကယ်အပါအဝင် နိုင်ငံရေးသမားများ၏ဒေတာများပေါက်ကြားစေသည့် ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဂျာမနီဆိုက်ဘာလုံခြုံရေးဌာနခုခံပြောဆို

ဂျာမနီနိုင်ငံတွင် ဝန်ကြီးချုပ် အန်ဂျလာမာကယ် အပါအဝင် ရာပေါင်းများစွာသော နိုင်ငံရေးသမားများ၏ အချက်အလက်များ ပေါက်ကြားစေခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့သို့အကြောင်းကြားရန် ကြာမြင့်စွာ ပျက်ကွက်ခဲ့သည့် သတင်းအချက်အလက်လုံခြုံရေးဌာန(ဘီအက်စ်အိုင်)သည် ၄င်းတို့ လုပ်ရပ်အတွက် ခုခံပြောဆိုခဲ့သည်။

သတင်းအချက်အလက်ပေါက်ကြားမှု အတိုင်းအတာကို ဇန်နဝါရီ ၃ ရက်တိုင်အောင် ၄င်းတို့ မသိရှိခဲ့ကြောင်း ဘီအက်စ်အိုင်က ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေးသမားများသာမက စာနယ်ဇင်းသမားများ၊ ထင်ရှားကျော်ကြားသူများ၏ ကိုယ်ရေးအချက်အလက်များ အွန်လိုင်းပေါ်တွင် အကြီးအကျယ်ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် မည်သူ့လက်ချက်ဖြစ်မှန်း မသဲကွဲသေးပေ။
    ဆိုက်ဘာတိုက်ခိုက်မှုများသည် ဒီဇင်ဘာလတစ်လျှောက် ဖြစ်ပွားခဲ့ကာ ဇန်နဝါရီ ၅ ရက်ကမှ လူသိရှင်ကြား ဖြစ်လာခဲ့သည်။ ပေါက်ကြားမှုတွင် လက်ယာစွန်းအေအက်ဖ်ဒီပါတီမှအပ အခြားနိုင်ငံရေးပါတီတိုင်းမှ ထင်ရှားသူများ၏ အွန်လိုင်းချက်တင်မှတ်တမ်းများ၊ ဘဏ္ဍာရေးအချက်အလက်အသေးစိတ်များ ပါဝင်သည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဒေတာပေါက်ကြားမှု ဟုတ်မဟုတ်မသေချာသေးကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။
    ပေါက်ကြားမှုတွင် ဝန်ကြီးချုပ် မာကယ်၏ အီးမေးလ်လိပ်စာနှင့် ၄င်းမှ/၄င်းထံ ရေးသားသည့်စာများလည်း ပါဝင်သည်။ နိုင်ငံရေးသမားများသာမက ပြည်သူ့ဝန်ဆောင်မှုရုပ်သံဌာန အေအာရ်ဒီနှင့် ဇက်ဒီအက်ဖ်မှ ရုပ်သံလွှင့် အကျော်အမော်များ၊ ရက်ပ်ဂီသမားများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလည်း ပါဝင်သည်။

တိုက်ခိုက်သူများသည် မိမိတို့၏ ဒီမိုကရေစီနှင့် အဖွဲ့အစည်းများကိုယုံကြည်မှုပျက်ပြားအောင် ကြံဆောင်ခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီး ကာတာရီနာဘာလေက ပြောဆိုသည်။    
    တိုက်ခိုက်မှုအတွက် သံသယရှိသူများမှာ ဂျာမနီတွင် ကျရှုံးခဲ့သည့် လက်ယာစွန်းအုပ်စုများနှင့် ရုရှားတို့ဖြစ်ကြောင်း ဂျာမနီသတင်းများက ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်နှစ်က ဂျာမနီအစိုးရ၏ အိုင်တီကွန်ရက်အပေါ် တိုက်ခိုက်မှုအပါအဝင် ဆိုက်ဘာတိုက်ခိ်ုက်မှုများအတွက် ရုရှားတို့လက်ချက်ဖြစ်ကြောင်း ဂျာမနီကစွပ်စွဲထားသည်။