မြန်မာယူ-၁၈အသင်းနည်းပြချုပ်နေရာတွင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးစိုးမြတ်မင်းအား ခန့်အပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေခြင်းကို ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က အတည်ပြုခဲ့ခြင်းမရှိဘဲ ဇန်နဝါရီ ၁၆ရက်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌ အဖြေသိရမည်ဟု ပြောဆိုခဲ့သည်။
နည်းစနစ်ဒါရိုက်တာ အဲရစ်အာဖရန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လေးနှစ်စီမံကိန်းအား မီဒီယာများသို့ ရှင်းလင်းပြောကြားမည့် အခမ်းအနားကို ဇန်နဝါရီ ၁၆ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနား၌ အဖွဲ့ချုပ်မှ ခန့်အပ်မည့် နည်းပြချုပ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" ထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ကျွန်တော်အတည်မပြုနိုင်သေးပါဘူး။ဇန်နဝါရီ ၁၆ရက် အတိုင်ခင်ထိ နည်းပြခန့်အပ်တဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန်မှာမဟုတ်ပါဘူး။ အဲဒီနေ့ကျမှပဲ ဘယ်နည်းပြကို ဘာကြောင့်ခန့်တယ်၊ရေရှည်ဘယ်လိုသွားမလဲဆိုတာ ထုတ်ပြန်ပေးမှာပါ" ဟု ဦးဘုန်းနိုင်ဇော်က ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာယူ-၁၈အသင်းနည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူလျက်ရှိပြီး အတည်မပြုနိုင်သေးသော သတင်းများအရ ၎င်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပြောင်းလဲတာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဦးစိုးမြတ်မင်းသည် မြန်မာ့လက်ရွေးစင်အသင်းအတွက် ဂိုးများစွာသွင်းယူခဲ့သော ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် အန်တွမ်နီဟေး၏ လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။ထို့ပြင် ဦးစိုးမြတ်မင်းသည် ရှမ်းယူနိုက်တက်နည်းပြချုပ်အဖြစ် ၂၀၁၇ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်ဖလားနှင့် ရှုံးထွက်ဖလား ရရှိခဲ့သည်။















