၂၀၂၉ ခုနှစ်တွင် တရုတ်လူဦးရေ ၁ ဒသမ ၄၄ ဘီလျံထိ အမြင့်ဆုံးရောက်ရှိမည်

၂၀၂၉ ခုနှစ်တွင် တရုတ်လူဦးရေ ၁ ဒသမ ၄၄ ဘီလျံထိ အမြင့်ဆုံးရောက်ရှိမည်

တရုတ်နိုင်ငံ လူဦးရေသည် ၂၀၂၉ ခုနှစ်တွင် ၁ ဒသမ ၄၄ ဘီလျံထိ အမြင့်ဆုံး ရောက်ရှိမည်ဖြစ်ပြီး၊ ထို့နောက်ပိုင်းတွင် တောက်လျှောက်ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း  အစိုးရက ထုတ်ပြန်သည်။ 

လူဦးရေ ကျဆင်းချိန်တွင် လုပ်သားထု နည်းပါးမှု၊ သက်ကြီးရွယ်အိုဝန်ထုပ်ပိမှုများကို ကိုင်တွယ်နိုင်ရန် အစိုးရက မူဝါဒများ ကြိုတင်ချမှတ်ထားသင့်သည်ဟု တရုတ်နိုင်ငံ လူမှှုုသိပ္ပံအကယ်ဒမီ (စီအေအက်စ်အက်စ်) ၏ လူဦးရေနှင့်လုပ်အား အစိမ်းရောင်စာအုပ် လေ့လာမှု အစီရင်ခံစာက ဖော်ပြသည်။ 
လက်ရှိ တရုတ်လူဦးရေသည် ၁ ဒသမ ၄၁ ဘီလျံရှိကြောင်း  ကုလသမဂ္ဂ စာရင်းအရ သိရသည်။ ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံသည် လူဦးရေ ကျဆင်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ၂၀၁၅ ခုနှစ်က စတင်ပြီး တစ်အိမ်ထောင် ကလေးတစ်ယောက်  မူဝါဒကို ဖျက်သိမ်းခဲ့သည်။ 
    တရုတ်နိုင်ငံတွင် လက်ရှိ၌ အလုပ်လုပ်နိုင်သည့် အသက်အရွယ် လူထု တိုးပွားနှုန်း တုံ့ဆိုင်းနေကြောင်း အစီရင်ခံစာက ဆိုသည်။ ၂၀၅၀ ခုနှစ်ခန့်ရောက်လျှင် တရုတ်လူဦးရေသည် ၁ ဒသမ ၃၆ ဘီလျံသို့ ကျဆင်းသွားမည်ဖြစ်ပြီး လုပ်သားထု ပမာဏ သန်း ၂၀ဝ ခန့် လျော့နည်းသွားမည်ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။ 
မွေးနှုန်းများ ဆက်လက်ကျဆင်းနေမည်ဆိုပါက ၂၀၆၅ ခုနှစ်ရောက်လျှင် တရုတ်နိုင်ငံ လူဦးရေသည်  ၁ ဒသမ ၁၇ ဘီလျံထိ  ရောက်ရှိသွားလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။ 
    တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒကို ဖျက်သိမ်းပေးလိုက်ခြင်းကြောင့် ရေရှည်တွင် နိုင်ငံအတွင်း လုပ်သားထု ပမာဏ ပြန်တက်လာမည်ဖြစ်သော်လည်း ရေတိုတွင်ကား ကလေးနှင့် သက်ကြီးရွယ်အိုစသည့် မှီခိုသူ လူအင်အား တိုးပွားလာခြင်းဖိအားကို ခံစားရနိုင်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။