အီဂျစ်နိုင်ငံတွင် ဇန်နဝါရီ ၅ ရက်နှောင်းပိုင်းက ကော့ပ်တစ်ခရစ်ယာန်ဘုရားကျောင်းတစ်ခု အပြင်ဘက်တွင် ထောင်ထားသည့်ဗုံးကို စနက်တန်ဖြုတ်ရန် ကြိုးပမ်းရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အခြားရဲနှစ်ဦးနှင့် ရပ်ကြည့်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုင်ရိုမြို့ပြင် နာဆာစီးတီးရှိ ခရစ်ယာန်ဘုရားကျောင်း ခေါင်မိုးပေါ်တွင် ဝှက်ထားသည့်အိတ်နှစ်လုံးအနက် တစ်လုံးတွင် ဗုံးထောင်ထားသည်ကိုတွေ့ရှိခဲ့ပြီး မိုင်းရှင်းကျွမ်းကျင်သူ ရဲတပ်ဖွဲ့ဝင် မူစတာဖာအဘစ်က စနက်တန်ဖြုတ်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အီဂျစ်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် ကော့ပ်တစ်ခရစ်ယာန်များဖြစ်ပြီး ခွဲခြားဆက်ဆံခံနေရကာ လုံလောက်သည့် အကာအကွယ်လည်း မရရှိကြောင်း ၄င်းတို့က ပြောဆိုကြသည်။
၄င်းတို့၏ ခရစ္စမတ်နေ့သည် ဇန်နဝါရီ ၇ ရက်(ယနေ့) ဖြစ်သည်။ အီဂျစ်သမ္မတ အက်ဒူလ်ဖာတားအယ်လ်စီစီက ၄င်းသည် အစွန်းရောက်များ၏ ခရစ်ယာန်တို့ကို တိုက်ခိုက်မှုအား ကာကွယ်ပေးမည့်သူဖြစ်ကြောင်း ကြေညာထားသည်။
ယခုဗုံးထောင်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း ထုတ်ပြန်မှုမရှိသေးပေ။ သို့သော် ၂၀၁၆ ခုနှစ်မှစ၍ အီဂျစ်တွင် အစ္စလာမ္မစ်အစွန်းရောက်များလက်ချက်ဖြင့် ကော့ပ်တစ်ခရစ်ယာန် ၁၀ဝ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
ခရစ်ယာန်ဘုရာကျောင်းများကို ဗုံးခွဲတိုက်ခိုက်မှုဖြင့် လူ ၁၇ ဦး လွန်ခဲ့သည့်လက သေဒဏ်ချမှတ်ခံခဲ့ရသည်။ နိုဝင်ဘာတွင်လည်း ခရစ်ယာန်များကို တိုက်ခိုက်သည့် စစ်သွေးကြွ ၁၉ ဦးကို ရဲတပ်ဖွဲ့က သုတ်သင်ခဲ့သည်။

















