ဆော်ဒီ အမျိုးသမီးများ ကွာရှင်းပြတ်စဲခံရပါက တရားရုံးက ဖုန်းမက်ဆေ့ဂျ်ပို့ အသိပေးမည်

ဆော်ဒီ အမျိုးသမီးများ ကွာရှင်းပြတ်စဲခံရပါက တရားရုံးက ဖုန်းမက်ဆေ့ဂျ်ပို့ အသိပေးမည်

ဆော်ဒီနိုင်ငံတွင် ခင်ပွန်းဖြစ်သူက တိတ်တဆိတ်  ကွာရှင်းထားမှုကြောင့် အိမ်ထောင်ရှင် အမျိုးသမီးများ မိမိ၏ ဖြစ်အင်ကို မသိဘဲ ဖြစ်နေရခြင်းကို ကာကွယ်ပေးနိုင်စေရန်အတွက်  ဥပဒေသစ်အရ ခင်ပွန်းက ကွာရှင်းပါက တရားရုံးက ဇနီးဖြစ်သူထံ ဖုန်းမက်ဆေ့ဂျ်ပို့ကာ အကြောင်းကြားပေးမည်ဖြစ်သည်။

ဇန်နဝါရီ ၆ ရက်က စတင်ကာ ထိုစနစ်ကို တရားရုံးများက ကျင့်သုံးရမည်ဖြစ်သည်။ ယခင်က ခင်ပွန်းများသည် တိတ်တဆိတ် ကွာရှင်းခွင့်ရှိသောကြောင့် အမျိုးသမီးများသည် မိမိ၏ ဖြစ်အင်ကို နောက်ကျမှ သိရှိကာ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရခြင်းကို ဥပဒေသစ်က ကာကွယ်ပေးနိုင်တော့မည်ဖြစ်သည်။ 
ဥပဒေသစ်ကြောင့် အိမ်ထောင်သည် အမျိုးသမီးများသည်  မိမိတို့ ရပိုင်ခွင့်ကို ပိုမိုကာကွယ်နိုင်မည်ဖြစ်ကာ ကွာရှင်းမှု နစ်နာကြေးများလည်း လက်ခံရရှိမည်ဖြစ်ကြောင်း ဒေသတွင်း  အမျိုးသမီး ရှေ့နေများက ပြောသည်။ 
    ဆော်ဒီတွင် ဆယ်စုနှစ်များနှင့်ချီကာ အမျိုးသမီးများ ကားမောင်းခွင့် ပိတ်ပင်ထားခြင်းကို ပြီးခဲ့သည့်နှစ်က စတင်ပြီး ခွင့်ပြုပေးခဲ့သည်။ 
သို့တိုင် ဆော်ဒီ အမျိုးသမီးများသည် အမျိုးသားကြီးစိုးသည့် ဥပဒေများအောက်မှ  အလုံးစုံ မလွတ်မြောက်သေးသည်ကိုလည်း တွေ့ရသည်။ 
    ခင်ပွန်းသည်များက တိတ်တဆိတ်ကွာရှင်းမှုကြောင့် ဆော်ဒီ  အမျိုးသမီး အများအပြားက တရားရုံးကို တိုင်ကြားလျှောက်ထားမှု အများအပြားရှိနေကြောင်းလည်း ရှေ့နေ  ဆာမီယာ အယ်လ်-ဟင်ဒီက ဒေသတွင်း သတင်းစာ အိုကတ်ဇ်သို့ ပြောသည်။ 
    ဥပဒေသစ်သည် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင် ဆယ်လ်မန်၏ ဆော်ဒီ ခေတ်မီတိုးတက်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများကြောင့် ဆော်ဒီ အမျိုးသမီးများ ဘောလုံးပွဲကြည့်ခွင့်ရလာပြီဖြစ်သလို၊ အစဉ်အလာအားဖြင့် အမျိုးသားများကိုသာ ခွင့်ပြုသော အလုပ်နေရာများ၌လည်း အမျိုးသမီးများ ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိနေပြီဖြစ်သည်။