ပင်တဂွန် ဝန်ထမ်းရေးရာ အကြီးအကဲ ရာထူးမှ နုတ်ထွက်

ပင်တဂွန် ဝန်ထမ်းရေးရာ အကြီးအကဲ ရာထူးမှ နုတ်ထွက်

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းရေးရာ အကြီးအကဲ ကီဗင် ဆွန်နေးသည် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်သည်။ 
ကာကွယ်ရေးဝန်ကြီး ဂျင်  မတ်တစ် နုတ်ထွက်ကြောင်း ကြေညာပြီး တစ်လအကြာတွင် လိုက်လံနုတ်ထွက်ခြင်းလည်း ဖြစ်သည်။

ဆီးရီးယားမှ  အမေရိကန်တပ်များ ပြန်ရုပ်သိမ်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက်ပိုင်းတွင် ပင်တဂွန်မှ နုတ်ထွက်သည့် ထိပ်တန်းပုဂ္ဂိုလ် သုံးဦးအနက် ရေတပ်ဗိုလ်ချုပ် ဆွန်နေးလည်း ပါဝင်သည်။ 
ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းမည်ဟု သမ္မတ ထရမ့်က ကြေညာထားသော်လည်း အချိန်အတိအကျ သတ်မှတ်ရသေးခြင်းမရှိဟု တာဝန်ရှိသူများက ပြောသည်။ 
    ရေတပ်ဗိုလ်ချုပ် ဆွန်နေးသည် ၂၀၁၇ ဇန်နဝါရီက စတင်ကာ ရာထူးတာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ နုတ်ထွက်စာတွင်  ဗိုလ်ချုပ် ဆွန်နေးက ပင်တဂွန် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတွဲ လုပ်ဆောင်ခဲ့ရသည့်အတွက် ဂုဏ်ယူမိကြောင်း ဖော်ပြထားသော်လည်း သမ္မတ ထရမ့်၏  အမည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။ 
    ကာကွယ်ရေးဝန်ကြီး ဂျင် မတ်တစ်သည်လည်း ဖေဖော်ဝါရီလထိ  ရာထူးတာဝန်ထမ်းဆောင်ပြီးနောက်တွင်မှ နုတ်ထွက်ရန် ကနဦး စီစဉ်ထားသော်လည်း စောစီးစွာပင် နုတ်ထွက်သွားခဲ့သည်ကို တွေ့ရသည်။ 
မစ္စတာ မတ်တစ် နုတ်ထွက်ခြင်းကြောင့် သမ္မတ ထရမ့် အစိုးရ၏ ပြည်တွင်းနှင့် ပြည်ပဆိုင်ရာ ကာကွယ်ရေး မူဝါဒများအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့သည်။ 
    ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းမည်ဟု သမ္မတ ထရမ့် ကြေညာပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒါနာ ဝှိုက်သည်လည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။