မူဆယ်မြို့တွင် ကျပ် ၃၅၃၇ သိန်းကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများကို မူးယစ်ရဲ တပ်ဖွဲ့စု (၂၂)မူဆယ်က ဇန်နဝါရီ ၅ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့် တွင် မူဆယ်မြို့၊ ဟိုနောင်ကျေးရွာလမ်းခွဲတွင် ကွက်ခိုင်မြို့နေ တွမ်ရင်ရိန်း ၃၆ နှစ်မောင်းနှင်ပြီး သိန်းနီမြို့နေ ရန်ဆိုင်လျန် ၃ဝ နှစ်လိုက်ပါလာသည့် ၁၂ ဘီးမော် တော် ယာဉ်ကို မူးယစ်ရဲတပ်ဖွဲ့စု(၂၂)မူဆယ် နှင့်ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့သည်။
အဆိုပါယာဉ်နောက်ခန်းပေါ်တွင် ပီနံအိတ် ၁၇ဝ အိတ်ဖြင့်ထည့်သည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်းအလေးချိန် ၄၂၅ဝ ကီလို (ကျပ် ၃၁၈၇.၅ သိန်း)၊ စက္ကူပုံးအဝိုင်းရှည်အတွင်း အဖြူရောင်ပလတ်စတစ်အိတ်ဖြင့် ပုံး ၇ဝ ပုံးအတွင်းထည့်ထားသည့် အမိုနီယမ်ကလိုရိုဒ် အလေးချိန် ၁၇၅ဝ ကီလို (ကျပ်သိန်း ၃၅ဝ) နှင့် ဆက်စပ်ပစ္စည်း များဖြစ်သည့် စတီးဘွိုင်လာအိုးအကြီးတစ်လုံး၊ အသေးတစ်လုံး၊ စတီးပေါင်းခံအိုးတစ်လုံး၊ လေးထောင့်စတီးတိုင်ကီ တစ်လုံး၊ မွှေစက်လေးလုံး၊ ဖန်ပေါင်းချောင်တစ်လုံး၊ အခြောက်ခံစက်တစ်လုံးနှင့် လက်ကိုင်ဖုန်း နှစ် လုံးတို့ကိုရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
၄င်းတို့ကို မူဆယ်မြို့မရဲစခန်းက မူးယစ်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ကာ ဆက်လက် အရေးယူထားသည်။

















