ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၏ အနောက်ဘက် ရန်ကင်းစံရာကျေးရွာ တွင် အပန်းဖြေစရာ သဘာဝသဲသောင်ပြန့်အဖြစ် ပေါ်ထွန်းလျက်ရှိသည့် ညောင်ချောင်းသာ (ရေချိုးဆိပ်) ကမ်းခြေသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်ကစ၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်းမှစ၍ လည်ပတ်သူ၊ အပန်းဖြေ (ရေချိုး)သူများဖြင့် စည်ကားလျက်ရှိသည်။
"၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီးအပန်းဖြေသူများဖြင့် နှစ်စဉ်စည်ကားလျက် ရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ်လာ ရောက်လည်ပတ်သူ ပိုမိုများပြားလာပြီး ဒီနှစ်မှာလည်း ကမ်းခြေသို့ လာရောက်အနားယူလည်ပတ်သူများကမ်းခြေအထိ ကားတိုက်ရိုက်ဆင်းလို့ရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ ယခင်နှစ်တွေကထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ကျွန်တော်တို့ ကော်မတီက ဖြည့်စွက်စီ စဉ်ဆောင်ရွက်ထားပါတယ်" ဟု ညောင်ချောင်းသာကမ်းခြေကြီးကြပ်တာဝန်ခံမြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်နိုင်က ပြောဆိုသည်။
စီစဉ်ဆောင်ရွက်ထား
ယခုနှစ်တွင် ပေ ၅၀ဝခန့် ကျယ်ပြန့်သော သဘာဝသဲသောင်ပြန့်ကမ်းခြေပေါ်တွင် အရန်သင့် စားသောက်ဖွယ်ရာဆိုင်ခန်း ၅၀ နှင့် အဆောက်အအုံငယ်များ စီစဉ်ဆောင်ရွက်ပေးထားသည်။ ချောင်းသာ၊ ငွေဆောင်ကဲ့သို့ ကုန်ကျစရိတ်မများလှဘဲ အချိန်တိုအတွင်းသွားရောက် အပန်းဖြေနိုင်သည့် ညောင်ချောင်းသာ ကမ်းခြေသို့ ညောင်တုန်းမြို့နယ် ပတ်ဝန်းကျင်ဒေသ များမှ ပြည်သူများနှင့် ရန်ကုန်မြို့မှ ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များပါ ယခုအချိန်ကတည်းက စတင်လာရောက်အပန်းဖြေလျက်ရှိကြောင်း၊ ထို့ပြင်ဒေသထွက် လတ်ဆတ်သော သစ်သီးဝလံ ဟင်းသီးဟင်းရွက်များကို အိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ယူ နိုင်ကြောင်း သိရသည်။
အဆိုပါ ညောင်ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့မှ ၃၄ မိုင်သာကွာဝေးပြီး လာရောက် အပန်းဖြေလည်ပတ်မည်ဆိုပါက ရန်ကုန် မြို့လှိုင်သာယာ (ဒဂုံဧရာ) အဝေးပြေးဂိတ်မှ တစ်ဆင့် အချိန်တိုတစ်နာရီအတွင်း နေ့ချင်းပြန်ခရီးအဖြစ်ကုန်ကျစရိတ်သက်သာစွာဖြင့် လာရောက်လည်ပတ်နိုင်သော အပန်းဖြေအနားယူစရာနေရာတစ်ခုဖြစ်သည်။
















