ဆီးရီးယားအရှေ့ပိုင်း၊ အီရတ်နယ်စပ်အနီး မဟာဗျူဟာဧရိယာတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုမှ ပစ်ခတ်သည့် ဒုံးကျည်ပေါက်ကွဲမှုကြောင့် ကာ့ဒ်တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးပြီး ဗြိတိသျှ ကွန်မန်ဒိုနှစ်ဦး ဒဏ်ရာရခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းတွင် ဗြိတိသျှအထူးကွန်မန်ဒိုများလည်း လှုပ်ရှားနေကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ဗြိတိသျှအစိုးရက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သကဲ့သို့ ယခုသတင်းကိုလည်း မှတ်ချက်ပေးခြင်း အတည်ပြုခြင်း မရှိသေးပေ။
ကာ့ဒ်ပိုင် ရူဒေါသတင်းဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရဗြိတိသျှကွန်မန်ဒိုနှစ်ဦး၏အခြေအနေ တည်ငြိမ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ယခုဖြစ်ရပ်သည် ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင် ၂၀ဝ၀ ကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း သမ္မတထရမ့်က ဒီဇင်ဘာနှောင်းပိုင်းတွင် ကြေညာခဲ့သည့်နောက်ပိုင်း အိုင်အက်စ်ဆန့်ကျင်ရေး အနောက်အုပ်စုမှ ပထမဆုံးထိခိုက်မှုသတင်း ဖြစ်သည်။
ဆီးရီးယားစစ်ပွဲကိုစောင့်ကြည့်နေသည့် ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဇန်နဝါရီ ၆ ရက်က အိုင်အက်စ်တိုက်ခိုက်မှုသည် ဒဲလောက်ဇာပြည်နယ်အရှေ့ပိုင်း ရှားဖာဒေသတွင် ဖြစ်ပွားခဲ့ကြောင်း၊ အမေရိကန် အားပေးခဲ့သော ကာ့ဒ်ဦးဆောင်သည့် အက်စ်ဒီအက်ဖ်တပ်ဖွဲ့နှင့် အိုင်အက်စ်စစ်သွေးကြွများအကြား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အက်စ်ဒီအက်ဖ်သည် ဒီဇင်ဘာလအတွင်းက ဆီးရီးယားရှိ အိုင်အက်စ်နောက်ဆုံးထိန်းချုပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒဲလောက်ဇာပြည်နယ်တွင် အိုင်အက်စ်များက နေရာအချို့တွင် တိုက်ခိုက်နေဆဲဖြစ်ကာ အမေရိကန်တပ်များထွက်ခွာသွားလျှင် ပြန်လည်အားသစ်လောင်းလာမည်ကို စိုးရိမ်နေရသည်။

















