ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အကျင့်ပျက်ခြစားမှု ကော်မရှင် စုံစမ်းစစ်ဆေးရေးမှူးကို ဂွာတီမာလာအစိုးရက ပြည်ဝင်ခွင့်မပေးဘဲ မြို့တော် ဂွာတီမာလာစီးတီးလေဆိပ်တွင် တားမြစ်ထားမှု ဖြစ်ပွားခဲ့သည်။
ကိုလမ်ဘီယာနိုင်ငံသား ယီလန် အိုဆိုရီယိုကို ဇန်နဝါရီ ၅ ရက်က ဂွာတီမာလာစီးတီးလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြည်ဝင်ခွင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။ အိုဆိုရီယိုကိုဗီဇာထုတ်ပေးကာ ပြည်ဝင်ခွင့်ပေးရန် ဂွာတီမာလာတရားရုံးက အမိန့်ထုတ်ခဲ့သော်လည်း အစိုးရကတားမြစ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဂွာတီမာလာအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်များ အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးနေသည့် စီအိုင်စီအိုင်ဂျီအဖွဲ့မှ ဖြစ်သည်။
စုံစမ်းစစ်ဆေးခံနေရသူများထဲတွင် သမ္မတဂျင်မီမိုရဲလက်စ်၏ သားနှင့် ညီတို့လည်းပါဝင်ပြီး အမှားအယွင်း ကျူးလွန်ခြင်းမရှိဟု ၎င်းတို့ကခုခံချေပထားသည်။
ဂွာတီမာလာရှေ့နေချုပ်သည် စုံစမ်းစစ်ဆေးရေးမှူး အိုဆိုရီယိုကို ကာကွယ်ပေးရန် တရားရေးကိုယ်စားလှယ်များနှင့် လုံခြုံရေး ၃၀ ခန့် စေလွှတ်ပေးခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများကလည်း လေဆိပ်ရှေ့တွင် စုဝေးကာ စုံစမ်းစစ်ဆေးရေးမှူးကိုပြည်ဝင်ခွင့် တားမြစ်ထားခြင်းအား ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။
ယခုကဲ့သို့ တားမြစ်ထားမှုနှင့် စပ်လျဉ်းပြီးသမ္မတရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း တွေ့ရသည်။
စုံစမ်းစစ်ဆေးရေးမှူး အိုဆိုရီယိုသည် လွှတ်တော် ဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလာဘ်စားမှု စွပ်စွဲချက်များကိုလည်း စုံစမ်းစစ်ဆေးနေသူဖြစ်သလို၊ သမ္မတမိုရဲလက်စ်၏ ပါတီက ရွေးကောက်ပွဲရန်ပုံငွေများ အလွဲသုံးမှု စွပ်စွဲချက်များကိုလည်း စစ်ဆေးလျက်ရှိသည်။

















