ဟွာဝေးကုမ္ပဏီ ကမ္ဘာ့ဒေတာဈေးကွက်သို့ ချစ်ပ်ပြားသစ်ဖြင့် ထိုးဖောက်ဝင်ရောက်

ဟွာဝေးကုမ္ပဏီ ကမ္ဘာ့ဒေတာဈေးကွက်သို့ ချစ်ပ်ပြားသစ်ဖြင့် ထိုးဖောက်ဝင်ရောက်

တရုတ်နိုင်ငံမှ အကြီးဆုံးနည်းပညာလုပ်ငန်းဟွာဝေးသည်  နိုင်ငံတကာဒေတာစင်တာနှင့် ကလောက်နည်းပညာဈေးကွက်သို့ ပရိုဆက်ဆာချစ်ပ်ပြားသစ်ဖြင့် ဇန်နဝါရီ ၇ ရက်တွင် ပွဲထုတ်မိတ်ဆက်လိုက်ပြီဖြစ်သည်။ 

အနောက်နိုင်ငံ နည်းပညာပစ္စည်းများအပေါ် မှီခိုမှု လျှော့ချရေးအတွက် တရုတ်အစိုးရက ရည်မှန်းချက်ထား အကောင်အထည်ဖော်နေသည့် လမ်းစဉ်နှင့်လည်းအညီဖြစ်သည်။ တရုတ်က ပြည်တွင်းဖြစ် ချစ်ပ်ပြားများ နိုင်ငံတကာအဆင့် ထုတ်လုပ်လာသောကြောင့် အမေရိကန်နှင့် ဥရောပချစ်ပ်ပြားလုပ်ငန်းများအတွက်လည်း ဈေးကွက်ခြိမ်းခြောက်မှု ဖြစ်လာသည်။ 
ဟွာဝေးထုတ်  နည်းပညာပစ္စည်းများသည် တရုတ်အစိုးရနှင့် ဆက်စပ်နေနိုင်ပြီး ဒေတာလုံခြုံရေးစိတ်မချရဟုဆိုကာ အမေရိကန်နှင့် အနောက်နိုင်ငံများကဈေးကွက် ကန့်သတ်မှုများလည်း ပြုလုပ်နေသည်။ 
    ဟွာဝေးက မိတ်ဆက်ထုတ်လုပ်လိ်ုက်သည့် Kunpeng 920 ချစ်ပ်ပြားသည် စမတ်ဖုန်း၊ ဗီဒီယိုနှင့် အခြားကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများက ဝင်လာသည့် ဒေတာများကို ထိရောက်စွာကိုင်တွယ် စီမံပေးနိုင်သည်ဟု ဟွာဝေးက ကြေညာထားသည်။ 
ဉာဏ်ရည်မြင့် ကွန်ပျူတာနည်းပညာပစ္စည်းများ ထုတ်လုပ်ရေးရည်မှန်းချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ်  ချစ်ပ်ပြားသစ်ကို ထုတ်လုပ်မိတ်ဆက်ခြင်းဖြစ်ကြောင်း ဟွာဝေးက ပြောသည်။ 
    ဟွာဝေးကို ၁၉၈၇ ခုနှစ်တွင် တရုတ် စစ်အင်ဂျင်နီယာဟောင်းတစ်ဦးက စတင်ထူထောင်ခဲ့ပြီး အနောက်နိုင်ငံများစွပ်စွဲနေသကဲ့သို့ တရုတ် အစိုးရ သြဇာခံမဟုတ်ဘဲ လွတ်လပ်စွာရပ်တည်နေသော ကုမ္ပဏီဖြစ်သောကြောင့် ဒေတာလုံခြုံရေးစိုးရိမ်ရန်မရှိဟု ဟွာဝေးက ခုခံပြောကြားထားသည်။ 
    တရုတ်က ဉာဏမူပိုင်ခွင့်များလှည့်ဖျားရယူသည်ဟု အမေရိကန်ကစွပ်စွဲကာ နှစ်နိုင်ငံကြား အခွန်တိုးကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲသည်လည်း အရှိန်မြင့်လျက်ရှိပြီး ပြဿနာပြေလည်ရေးကို ဆွေးနွေးနေဆဲဖြစ်သည်။